ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ယခုလထဲ တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ယခုလထဲ တွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရန် ယခု အောက်တိုဘာ လထဲတွင် တွေ့ ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဟု ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ (WCCCC) ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။

“ချင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်းရေးဆွဲထားတယ်။ အဲဒီမူကြမ်းကိုသက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေ အားလုံးက လေ့လာစရာတွေ၊ ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေ လုပ်နေတယ်။ ဒီလထဲမှာ အလုပ်အဖွဲ့ အစည်း အဝေး ထပ်ထိုင်ဖို့ ရှိတယ်။ အားလုံး အဆင်ပြေတယ်ဆိုရင် နားလည်မှု ရတယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ချင်းလဲန်းကောင်စီကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ချင်းလဲန်း ကောင်စီကနေပဲ ချင်းလဲန်း လွှတ်တော်၊ ချင်းလဲန်း အစိုးရ နဲ့ ချင်းလဲန်တရားလွှတ်တော် ချုပ်တွေကို ဖွဲ့စည်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု WCCCC အဖွဲ့ခေါင်း ဆောင် Pu Ram Kulh Cung က ပြောသည်။

ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ ကော်မတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် CNF/ CN A ၏ အထွေထွေ အတွင်းရေးမှူး (၁) Pu Ram Kulh Cung က Chinland Information Center နှင့် အင်တာဗျူး မှာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

WCCCC အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ်နှင့် ဒေသ အခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလက နယ်စပ်တစ်နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စား လှယ်စုစုပေါင်း ၁၀၈ ဦးဖြင့် Pre-Plenary Meeting for Chinland Council ကို အောင် မြင်စွာကျင်းပခဲ့ပြီး လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းရေး၊ ချင်းလဲန်း၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးမဏ္ဍိုင် (၃) ခု ထူထောင်နိုင်ရေး သဘောတူခဲ့ကြသည်။

“ချင်းလူမျိုးတွေက ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ဆိုတဲ့အတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ဟာကို ဥပဒေပြဌာန်းတာ၊ ကိုယ့်ဟာကို အစိုးရဖွဲ့တာ၊ ကိုယ့်ဟာကို တရားစီရင်တာက တခါမှ မရှိခဲ့သေးဘူး။ ဒီလိုတော်လှန်ရေး အချိန်ကာ လမှာ ကျနော်တို့အနေနဲ့ စစ်အာဏာ ရှင် ပြုတ်ကျရေးက အရေးကြီးသလို၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက အရေးကြီးသလို ချင်းလူမျိုး ဖြစ်တဲ့အတွက်ကြောင့် ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းလဲန် တည်ဆောက်ရေးက အရေးကြီးတယ်။ ဒီလို လုပ်ငန်းကြီးကို ဖော်ဆောင်နိုင်ဖို့က ချင်းလဲန်းကောင်စီမှာ အဓိက တာဝန်ရှိပါတယ်” ဟု WCCCC အဖွဲ့ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။

ချင်းလဲန်းကောင်စီဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင်လာသေးသည့် အဖွဲ့များ အပြင် ချင်းအင်အားစုများ တွေ့ဆုံညှိနှိုင်းရန် “ညှိနှိုင်းရေးအဖွဲ့” တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။

စက်တင်ဘာလက ကျင်းပသည့် Pre-Plenary Meeting တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီး ဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က မတက်ရောက်ခဲ့ပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတော်လှန်ရေးအစုအဖွဲ့ (၄)ခုဖြင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) ကို ဖွဲ့စည်း ခဲ့ပြီး ယင်းမှတစ်ဆင့် ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ခဲ့ပါ။

ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC အနေဖြင့်လည်းကောင်း၊ CJDC နှင့် ICNCC တို့ ပူးပေါင်း ထားသည့် အဖွဲ့အနေဖြင့်လည်းကောင်း ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရ ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သော်လည်း မအောင် မြင်ဘဲ ဖြစ်နေခဲ့သည်။

ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး ဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...