ဆောင်းဝင်စပြုသောကြောင့် ဆမီးမြို့က စစ်ရှောင်များအတွက်အနွေးထည် များလိုအပ်နေ

ဆောင်းဝင်စပြုသောကြောင့် ဆမီးမြို့က စစ်ရှောင်များအတွက်အနွေးထည် များလိုအပ်နေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ် ဆမီးမြို့ပေါ်တွင်စစ်ဘေးရှောင်နေကြသော ပြည်သူများသည် ဆောင်း ဝင်စပြုလာပြီ ဖြစ်သောကြောင့် အနွေးထည်များအပြင် အမျိုးသမီး လစဉ်သုံးများ လိုအပ်နေသည်ဟု စစ်ရှောင် စခန်း တာဝန်ရှိသူများက ပြောသည်။

ဆမီးမြို့ပေါ်က စစ်ဘေးရှောင်တာဝန်ခံ တစ်ဦးက “အခုက မိုးကုန်ပြီဆိုတော့ အနွေးထည်လိုအပ်ပြီ၊အခုတောင်မှ အေးလာပြီဆိုတော့ ကလေးတွေအတွက် အနွေးအထည်၊ စောင်တွေက လိုအပ်ချက်ရောက်နေပြီ၊ အာဏာသိမ်း မှု နောက်ပိုင်းမှာ အထောက်အပံ့လည်း မရှိဘူး” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည်မှာ လေးနှစ်နီးပါးရှိလာပြီး ဖြစ်သည့်အပြင် လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ထောက်ပံ့မှု တစ်ခုတည်းဖြင့်သာ စားသောက်နေ ကြရသည်ဟု ဆိုသည်။

ထို့အပြင် ဆမီးမြို့ပေါ်က စစ်ရှောင်ပြည်သူများတွင် အမျိုးသမီး ဦးရေပိုများပြီး ၎င်းတို့အတွက် အမျိုးသမီး လစဉ်သုံး နှင့် တကိုယ်ရေသုံး ပစ္စည်းများလည်း လိုအပ်နေဆဲ ဖြစ်ကြောင်း ဆမီးမြို့ပေါ်က စစ်ရှောင်အမျိုးသမီး တစ်ဦး က ပြောသည်။

“ကျမတို့က လစဉ်သုံးပစ္စည်းတွေလည်း ဝယ်လို့မရဘူး။ အဝတ်အစတွေနဲ့ သုံးကြရတယ်။ တကိုယ်ရေသုံး ပစ္စည်း၊ လုံချည်၊ ဆပ်ပြာ လိုအပ်တယ်” ဟု စစ်ရှောင်အမျိုးသမီးက ပြောသည်။

အဆိုပါ ဆမီးစစ်ရှောင်များအတွက် တကိိုယ်ရေအသုံးအဆောင်ပစ္စည်းများ၊ကလေးငယ်များအတွက် အာဟာရ မှုန့်များကို ဂရုဏာလူမှုကူညီရေးအဖွဲ့က အောက်တိုဘာလအထိသာ ထောက်ပံ့နိုင်တော့မည် ဖြစ်သောကြောင့် အကူညီများ လိုအပ်နေဆဲ ဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

၎င်းတို့သည် စစ်အာဏာသိမ်းမှု မဖြစ်ပွားခင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးခိုလှုံခဲ့ကြရခြင်း ဖြစ်ပြီး စစ်ရှောင်လူဦးရေ သုံးထောင်ကျော်တွင် လူဦးရေ ၁၅၀၄ ဦးမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီက နေရပ်ပြန်ခိုင်းခဲ့ပြီးဖြစ်သည်။

လက်ရှိ နေရပ်မပြန်ကြသေးသော စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်တို့မှာ ဆမီးမြို့ပေါ်က စည်ပင်၊ မျိုးပိုင် ကုန်း၊ ထွေအုပ် နှင့် ပျံကျစျေး  စစ်ရှောင်စခန်းတို့တွင် စစ်ဘေးခိုလှုံနေကြသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...