နိုင်ငံရေးမှုဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံ ကလေးသူငယ်ကို ပြန်လွှတ်ပေးရန် မိသားစု တောင်းဆို

နိုင်ငံရေးမှုဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံ ကလေးသူငယ်ကို ပြန်လွှတ်ပေးရန် မိသားစု တောင်းဆို

အများပြည်သူ အထိတ်တလန့်ဖြစ်စေသည့်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင် နေရသည့် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်ဝေယံလင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

မောင်ဝေယံလင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လက ကျောက်ဖြူမြို့ စေတီတောင်ကွင်းရပ်ကွက်တွင် သူငယ်ချင်း တစ်ဦးနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူငယ်ချင်းဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း မောင်ဝေယံလင်းကိုမူ လက်ကိုင်ဖုန်းအတွင်းမှ လက်နက်ကိုင် ထားသည့် ဓာတ်ပုံတွေ့သည်ဟုဆိုကာ ကျောက်ဖြူအခြေစိုက် တပ်ရင်းတစ်ခုမှ ဗိုလ်ရဲသက်ဇော်က တရားလို ပြုလုပ်ကာ အမှုဖွင့်ခဲ့သည်။ လက်ရှိတွင် မောင်ဝေယံလင်း အမှုရင်ဆိုင်နေရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ ပြီ ဖြစ်သည်။

မောင်ဝေယံလင်းမှာ ဖမ်းဆီးခံရစဉ်က အသက် ၁၆ နှစ်သာရှိသေးပြီး နိုင်ငံရေးဆိုင်ရာ ပြစ်မှုများကိုလည်း ကျူး လွန်ခြင်းမရှိသဖြင့် ကလေးသူငယ်ဥပဒေပါ အခွင့်အရေးအရ အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း မိသားစုဝင်များ က ပြောသည်။

“ကျမ သားက အသက်မပြည့်သေးဘူးဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါမယ်ထင်ခဲ့တာ။ ဒါပေမယ့် ပါမလာခဲ့ ဘူး။ အခု ရုံးချိန်းတဲ့အကြိမ်ကလည်း ၃၀ ကျော်လောက်ရှိပြီ။ အမိန့်ချဖို့ကလည်း ဘယ်လောက် ကြာအုံးမယ် မသိဘူး” ဟု မောင်ဝေယံလင်း မိခင် ဒေါ်ဖြူဖြူသန်းက ပြောသည်။

လက်ရှိ မောင်ဝေယံလင်းမှာ ကျောက်ဖြူမြို့မရဲစခန်း အချုပ်ထဲမှနေ၍ အမှုကို ရင်ဆိုင်နေရကာ ၎င်းအမှုမှာ အမိန့်ချမှတ်ရန် အဆင့်သာ ကျန်ရှိတော့ကြောင်း မိသားစုဝင်များက ပြောသည်။

မောင်ဝေယံလင်း၏ ဖခင် ဦးညွန့်ဝင်းက “သူ(မောင်ဝေယံလင်း) အဖမ်းမခံရခင် အဲဒီနှစ်နွေရာသီရောက်ရင် ရှင် ပြုပေးမယ်ဆိုပြီး တွေးထားကြတာ။ ဒါပေမယ့် အဖမ်းခံရတော့ ရည်ရွယ်ချက်တွေ ပျက်သွားတာပေါ့။ အခု ကျနော်လည်း ကျန်းမာရေးမကောင်းဘူး။ သားကို အမြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ရခိုင်တွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁၊ ၂ တို့ဖြင့် အမှုရင်ဆိုင်နေရသူ ၆၁ ဦးကို ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကောင်စီက လွှတ်ပေးခဲ့သည်။ ပြန်လွတ်လာသူများထဲတွင် ကျောက်ဖြူအကျဉ်းထောင်က ၁၀ ဦး ပါဝင်ခဲ့သော်လည်း မောင်ဝေယံလင်း မပါဝင်ခဲ့ပေ။

ကလေးသူငယ်များသည် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးဆိုးလုယက်မှု စသည့် ကြီးလေးသော ရာဇဝတ်မှုများကို ကျူး လွန်ခြင်း မဟုတ်ပါက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအရ အမှုကို ရုပ်သိမ်းပေးသင့် ကြောင်း ရှေ့နေများက သုံးသပ်သည်။

“ကလေးသူငယ် အခွင့်အရေးအရဆိုရင် မိဘအုပ်ထိန်းခွင့် ဒါမှမဟုတ် တရားရုံးက သတ်မှတ်ထားတဲ့ ဂေဟာတို့၊ သင်တန်းကျောင်းတို့ အဲမှာပဲထားပြီးတော့ အမှုကို ရင်ဆိုင်ရမှာပေါ့။ အခုက အသက်မပြည့်သေးတဲ့ ကလေး သူငယ်တွေဟာ ဥပဒေပါအခွင့်အရေးတွေကို ဆုံးရှုံးနေရတယ်လို့ ပြောလို့ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ ၁၈ နှစ် မပြည့်သေးသူများကို ကလေးသူငယ်ဟုသတ်မှတ်ထားပြီး ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၃-င အရ “မည်သည့်အကြောင်းနှင့်မျှ ကလေးသူငယ်ကို ရဲအချုပ် တွင်ဖြစ်စေ၊ အကျဉ်းထောင်တွင်ဖြစ်စေ ချုပ်မိန့်မပေးရ” ဟု ဖော်ပြပါရှိသည်။ ပုဒ်မ ၈၄-စ တွင်လည်း “ကလေးသူငယ် အမှုများကို ကြားနာစစ်ဆေးရာတွင် စောလျင်စွာစစ်ဆေးရမည်” ဟု ဖော်ပြထားသည်။

ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ ညီလာခံသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...