ကျောက်တော်တွင် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် နေအိမ်များ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရ

ကျောက်တော်တွင် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် နေအိမ်များ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရ

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ယာယီတဲအိမ်များကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေကြရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ် ၄၄ လုံးရှိပြီး ကူညီထောက်ပံ့ မှုများ မရှိသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲများကြားမှ ကိုယ်ထူကိုယ်ထ ဆောက်နေရခြင်းဖြစ်သည်။

“အစိုးရဆီက ထောက်ပံ့မှုလည်း မရဘူး။ သူများဆီက ချေးငှားပြီးတော့ နေအိမ်ကို ဆောက်လုပ်ကြတယ်” ဟု ဘောလုံးကွင်းစစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးစံရွှေသောင်းက ပြောသည်။

စစ်ဘေးရှောင်များမှာ နေအိမ်ဆောက်လုပ်ရန် သစ်၊ ဝါး၊ သံမှို အစရှိသည်တို့ကို ဝယ်ယူကာ ကိုယ်ထူကိုယ်ထ ပြုလုပ်နေကြခြင်း ဖြစ်သည်။

မုန်တိုင်းလွန်ကာလတွင် စစ်ကောင်စီထံမှ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၁ ပြည်ခွဲနှုန်းဖြင့် ဆန်ရိက္ခာ ထောက်ပံ့ မှု လေးကြိမ်နှင့် အဝတ်အထည်အချို့သာ ရရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

စခန်းအတွင်း မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်စာရင်းကို စစ်ကောင်စီထံ တင်ပြထားသော်လည်း ယခု အချိန်ထိ ထူးခြားမှုမရှိသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ပျက်စီးသွားသည့် နေအိမ်များအတွက် NGO အဖွဲ့တစ်ခုမှ အိမ်ထောင်စု တစ်စုလျှင် အလျား ၁၀ ပေ၊ အနံ ၈ ပေရှိ တာပေါ်လိပ် ၂ ခု ထောက်ပံ့ထားကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အလားတူ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ် ၆၀ ကို ပြန် လည်ဆောက်လုပ်ရန် စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုမရှိ၍ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေကြသည်။

လက်ရှိ NGO အဖွဲ့အစည်းတစ်ခုမှ သွပ်ပြား(သံဖြူ)၊ သစ်၊ ဝါး စသည့် နေအိမ် အကြမ်းထည် အချို့ ထောက်ပံ့ ပေးထားမှုကို မတည်၍ ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ချေးငွေယူကာ ဆောက်လုပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ဝါးလိုရင် ဝါးဝယ်ရတယ်။ အငှားမထည့်နိုင်လို့ မလုပ်တတ်ရင်လည်း မတတ်တခေါက်နဲ့ ကိုယ့်ကိုကိုယ် လုပ်ရ တယ်။ ပိုက်ဆံမရှိရင်လည်း ချေးငှားပြီးလုပ်တယ်။ အခုလည်း ဝါးလိုနေသေးတယ်။ သူများဆီက ပိုက်ဆံ ၃ သောင်းလောက်ချေးပြီး ဝယ်ရအုံးမယ်” ဟု ကဝိရတနာစစ်ဘေးရှောင်စခန်းက ဒေါ်မလှသိန်းက ပြောသည်။

စစ်ဘေးရှောင်တချို့မှာ ငွေကြေးအခက်အခဲကြောင့် နေအိမ်မဆောက်နိုင်သေးသည့်အပြင် အချို့မှာလည်း ဆောက်လတ်စ နေအိမ်များကို ရပ်တန့်ထားရကြောင်း ဆိုသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ အကူအညီထောက်ပံ့မှု နည်းပါးနေသည့်အထဲ မုန်တိုင်းကြောင့် ပျက်စီးသွား သော နေအိမ်များကိုပါ ကိုယ်တိုင်ဆောက်လုပ်နေကြရသဖြင့်  တစ်ပူပေါ်တစ်ပူဆင့် ဖြစ်နေရသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ဦးဦးရွှေသိန်းက “ကိုယ့်မှာ မရှိတဲ့ကြားထဲက ဝါး ၁၀၀ ကို ၄၄၀၀၀ နဲ့ ဝယ်ရ တယ်။ အခုဆောက်လုပ်နေတာလည်း ဒီလောက်အဆင့်ပဲ ရောက်သေးတယ်။ ‌နောက်ထပ်လည်း ဝါး ၁၀၀ လောက် လိုပါသေးတယ်။ ငွေကြေးအဆင်မပြေတော့ ဖြေးဖြေးဆောက်ရမှာပဲ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့်နှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်တွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခဲ့သည်မှာ ၅ လ ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း မုန်တိုင်း သင့်ပြည်သူများမှာ စားနပ်ရိက္ခာအပြင် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။

ပုံစာ - ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ နေအိမ်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေ သည့် စစ်ဘေးရှောင်များကို တွေ့ရစဉ်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...