ရေရှင်ရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ရေရှင်ရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ရွာက အုပ်ချုပ်ရေးမှူးသေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့၊ ည ၇ နာရီလောက်မှာ စံပါလီရွာနဲ့ ရွာသစ်ကြား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ နေအိမ်ရှေ့မှာရပ်နေချိန် အမည်မသိလူတစ်စုက သေနတ် ၃ ချက်နဲ့ပစ်သွားတာဖြစ်တယ်လို့ မိုးကောင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

“သူအိမ်ရှေ့မှာ သေနတ်သံ ၃ ချက်ကြားတော့ သူ့သားကထွက်ကြည့်တာ သူ့အဖေလဲ သွားတာမြင်လို့ ကားနဲ့တင် ပြေးတာ မိုးကောင်းဆေးရုံမရောက်ခင် လမ်းမှာတင်ဆုံးသွားတယ်” လို့ ပြောပါတယ်။

ပစ်သတ်ခံသူဟာ အသက် ၅၅ နှစ်အရွယ် ဦးလှထွန်းဆိုသူဖြစ်ပြီး ရင်ဘတ်မှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ ဗိုက်နားမှာ တစ်ချက်ထိမှန်ခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်သတ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။

ရေရှင်ရွာဟာ မိုးကောင်းမြို့ နဲ့ ၄ မိုင်လောက်ဝေးတဲ့နေရာဖြစ်ပြီးတော့ ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ် က မိုးကောင်းမြို့နဲ့ ၃ မိုင်လောက်ဝေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် လမ်းခရီးဝေးတဲ့အတွက် ပစ်သတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် လမ်းခု လတ်မှာတင်ဆုံးသွားတာ ဖြစ်ပါတယ်။

“ဖြစ်ဖြစ်ချင်းတော့ ပို့ခဲ့ပါတယ်။ ဒါပေမယ့် မိုးကောင်းရောက်ခါနီးမှာ ဆုံးသွားတာ” လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦး က ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဟာ အာဏာမသိမ်းခင်ကတည်းက ရေရှင်အုပ်ချုပ်ရေးမှူး တာဝန် ယူထားသူ ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးနဲ့ ပြေပြေလည်လည်ရှိသူ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

မိုးကောင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ တွေဟာ ကာကွယ်ရေးတပ်တွေနဲ့ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရတဲ့သူတွေကို  လိုက်လံဖမ်းဆီးပြီး စစ်ကြောရေးမှာ မေးမြန်းစစ်ဆေးကြမ်းခဲ့ပါတယ်။ ဒီလို စစ်းဆေးမေးမြန်းမှုထဲ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ ဦး အသက်သေဆုံးခဲ့ရသလို ဖမ်းဆီးခံထားရသူ တရားစွဲဆိုခံထားရသူတွေလည်း များစွာရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ- ပစ်သတ်ခံရတဲ့ ရေရှင်အုပ်ချုပ်ရေးမှူး

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...