လုံခြုံစိတ်ချစွာဖြင့် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ရခိုင်က ဆရာ၊ ဆရာမများ တောင်းဆို

လုံခြုံစိတ်ချစွာဖြင့် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ရခိုင်က ဆရာ၊ ဆရာမများ တောင်းဆို

ရခိုင်ပြည်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် တာဝန်ထမ်းဆောင်ခွင့် ရရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ယနေ့ (အောက်တိုဘာ ၅ ရက်) တွင် ကျရောက်သည့် ကမ္ဘာ့ ဆရာများနေ့တွင် တောင်းဆိုကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမ ဒေါ်နှင်းယု နွယ် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ရခိုင်က ဆရာ/မများမှာ စိုးရိမ်မှုများရှိနေကြသည်။

ဝေလံခေါင်းပါးသည့် ကျေးလက်ဒေသများတွင် တာဝန်ကျနေသည့် ဆရာ/မများမှာ သွားလာရာတွင် လုံခြုံရေး နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများက ဝိုင်းရံကူညီပေး ကြရန် တောင်းဆိုကြခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်မှ အထက(ပြ) ကျောင်းဆရာမတစ်ဦးက “ဆရာမ ဒေါ်နှင်းယုနွယ် ကိစ္စနှင့်ပတ်သတ်ပြီး ဆရာမတွေ တော်တော်ထိတ်လန့် စိုးရိမ်သွားကြတယ်။ အဲဒီအမှုမှာ တိကျသေချာတဲ့အဖြေတစ်ခု မရသေးဘူး၊ အမှန်တရားကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်” ဟု ပြောသည်။

လက်ရှိရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့မှာ အစိုးရနှစ်ရပ်ကဲ့သို့ဖြစ်နေပြီး ဆရာ၊ ဆရာမများ လုံခြုံရေးအတွက် နှစ်ဖက်လုံးမှ ကူညီပေးစေချင်လိုကြောင်း ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းမှ ဆရာမ ဒေါ်ပိုးအိလွင်က “လက်ရှိအချိန်မှာ ဆရာ၊ ဆရာမတွေ အားကိုးရာမဲ့ ဖြစ်နေတယ်။ ဘယ်သူကိုအားကိုးရမလဲ မသိတော့ဘူး။ ဆရာ၊ ဆရာမတွေက ကိုယ့်ဘဝကို ကလေးတွေအတွက် နှစ်မြှုပ်ထားတယ်။ တာဝန်ကိုကျေပွန်အောင်လုပ်သလို့ အခက်ခဲတွေကိုလည်းရင်ဆိုင်ကြရတယ်” ဟု ပြော သည်။

ဆရာ၊ ဆရာမများမှာ လစာငွေကျပ် ၂ သိန်းကျော်ဖြင့် တာဝန်ကျရာဒေသများသို့ သွားရောက်ကာ တာဝန်ထမ်း ဆောင်နေကြခြင်း ဖြစ်သဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်ရေးနှင့် လုံခြုံရေးကို တိုးမြှင့်ပေးစေလိုကြောင်း ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်း၊ ရွှေညိုမကျေးရွာမှ အလယ်ပြကျောင်းဆရာ ဦးဦးကြည်လှက ပြောသည်။

“ပညာရေးဝန်ထမ်းဆိုတာ ထမင်းမငတ်တာကလွှဲရင် ကျန်တဲ့ကဏ္ဍတွေမှာ လစာနဲ့ ခက်ခဲစွာဖြတ်သန်းနေရတာ။ ဝေးလွန်ခေါင်ပါးတဲ့ဒေသတွေမှာဆို ဆရာမတွေအတွက် နေရာထိုင်ခင်းတွေလုပ်ပေးဖို့ လိုအပ်တယ်၊ လုံခြုံမှုရှိဖို့ လိုတယ်” ဟု ဦးဦးကြည်လှက ပြောသည်။

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး သက်ဆိုင်သူများအနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှု များ ပေးစေလိုကြောင်း ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး ဒေါ်မာမာဝင်းက တောင်းဆိုသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...