ဒီပဲယင်းမှာ ဒေသခံ ၂ ယောက်သတ်ဖြတ်ခံရ

ဒီပဲယင်းမှာ ဒေသခံ ၂ ယောက်သတ်ဖြတ်ခံရ
ဓာတ်ပုံ- စက်တင်ဘာ ၃၀ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတဲ့ လပ်တီးရွာက ဒေသခံ ကိုနိုင်လင်း
ဓာတ်ပုံ- စက်တင်ဘာ ၃၀ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတဲ့ လပ်တီးရွာက ဒေသခံ ကိုနိုင်လင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂ ယောက် သတ်ဖြတ်သွားသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ၂ ကြိမ် အထိ တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ ဒီပဲယင်းနယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်နေ့အထိကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာလို့ People’s Defense Comrade အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။

“လပ်တီးရွာက တစ်ယောက်ဆိုရင် ရွာထဲစစ်ကြောင်းပိတ်မိပြီးတော့ ခေါင်းဖြတ်သတ်သွားတယ် လက်တွေ ရော ခြေထောက်တွေရော ဖြတ်ပြီးသတ်ထားခဲ့တယ် နောက်ပြီးတော့ မနေ့က စစ်ကြောင်းပြန်ခေါက်တဲ့ အချိန်လည်း နဘဲလှရွာက ဒေသခံတစ်ယောက်ကိုလည်း ပစ်သတ်ထားခဲ့တယ်ဗျ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း လပ်တီးရွာက အသက် ၄၇ နှစ်အရွယ် ကိုနိုင်လင်းဆိုသူကို စက်တင်ဘာ ၃၀ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အောက်တိုဘာ ၂ရက်နေ့မှာတော့ နဘဲလှရွာက အသက် ၅၀ နှစ် အရွယ် ကိုဝင်းအောင်ဆိုသူ သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က ဒေသခံ ၂ ယောက်ကိုသတ်ဖြတ်ခဲ့သလို လပ်တီးရွာက ဒေသခံ ၂ ယောက်နဲ့ နဘဲလှ ကျေးရွာက ဒေသခံ ၁ ယောက်ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့အထိ အဆက်အသွယ်မရရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးခဲ့တဲ့ တစ်ပတ်အတွင်း စက်တင်ဘာ ၂၇ ရက်နေ့ နဲ့ ၃၀ ရက်နေ့တွေမှာ ဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာအနီးတစ်ဝိုက်နဲ့ ဒီပဲယင်းအနောက်ခြမ်း ပျံကျရွာအနီး တစ်ဝိုက်ကို လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ကိုထူးခန့်က ပြောပါတယ်။

“သူတို့ စထွက်လာတဲ့ရက်ပိုင်း ဒီပဲယင်းအရှေ့ခြမ်းမှာလည်း ထိတွေ့မှုဖြစ်တာရယ် သူတို့စစ်ကြောင်းလမ်း ပိတ် တာကြောင့် နမခကနေ လေကြောင်းပစ်ကူပေးခဲ့သေးတယ် ပြီးရင် ၃၀ ရက်နေ့က တိုက်ပွဲမှာသူတို့ဘက်က အထိနာလို့ တစ်ကြိမ်လေကြောင်း ပစ်ကူပေးခဲ့တယ်။ ဒီပဲယင်းနယ်ထဲ ၂ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပေါ့။”

လေကြောင်းပစ်ခတ်မှုဟာ ဒီပဲယင်းနယ်ထဲက ကျေးရွာအတွင်းပစ်ခတ်ခဲ့တာဖြစ်ပေမဲ့လို့ ဒေသခံတွေကြိုတင် တိမ်းရှောင်နေကြတဲ့အတွက် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးခဲ့တဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အောင်လံအခြေစိုက် ခလရ ၇၁ တပ်ရင်း ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေ က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ အခုလို စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့တဲ့အတွက် ဒီပဲယင်းမြို့နယ် အတွင်းက အရပ်သား ၁သောင်းကျော်လောက် မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒီပဲယင်း မြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ ဒီပဲယင်း-မုံရွာကားလမ်းမတစ်လျှောက်ကရွာတွေအများစုထွက်ပြေးကြရတယ် ဒီတစ်ခါစစ်ကြောင်းထိုး ချိန်မှာ မိုးအရမ်းရွာနေတဲ့ကာလ ဒီအပတ်အတွင်း မိုးကရက်စက်တယ်ရွာတာ မိုးရွာကြီးထဲရှောင်ကြရတော့ လမ်းက မကောင်း ဖြစ်သလိုရှောင်ကြရတယ် ပြီးရင်ရှောင်နေတုန်းမှာပဲ ဝေဟင်ကလည်း ပစ်ခတ်တာတွေ ရှိတော့ တော်တော်ခက်ခဲတယ်“ လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ယာယီစစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရှိသလို အမြဲတမ်းစစ်ဘေးရှောင်ဒေသခံ ၃၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ ဒဿမ ၆ သန်း ကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...