ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ်ဦး ဖမ်းမိ

ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ်ဦး ဖမ်းမိ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်အနီးတွင် မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးနေသည့် အသက် ၂၀ အရွယ် လူမှောင်ခိုပွဲစား အမျိုးသားနှစ်ဦးကို အခြားနိုင်ငံများသို့ ပို့ရန်ခေါ်လာသည့် လူငယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လူကုန်ကူးမှုသတင်းအရ တာဝန်ရှိသူများက ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က သင်္ဘောဆိပ်အနီးတွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးရမိခဲ့ခြင်းဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ“ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသည့် လူမှောင်ခိုပွဲစားနှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာမှ အသက် ၂၀ ကျော်အရွယ် မွတ်စလင်မ်အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့ ခေါ်ဆောင်လာသည့် အသက် ၂၀ အရွယ် မွတ်စလင်မ် နှစ်ဦးမှာ မောင်တောမြို့နယ်၊ သပြေတောကျေးရွာနှင့် သရေကုန်းဘောင်ကျေးရွာတို့မှ ဖြစ်သည်။

“ဖမ်းဆီးရမိတဲ့ လူမှောင်ခိုပွဲစားနှစ်ဦးကို ဥပဒေနဲ့အညီအမှုဖွင့်အရေးယူပြီး ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိဖို့ စစ်ဆေးလျက်ရှိတယ်။ ခေါ်ဆောင်ခံရတဲ့ မွတ်စလင်မ် နှစ်ဦးကို မိဘတွေထံ ပြန်လည်အပ်နှံပြီးဖြစ်တယ်” ဟု ဖော်ပြသည်။

လူမှောင်ခိုပွဲစားနှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရောက်လိုသည့် မွတ်စလင်မ်များကို လိုက်လံစုဆောင်းကာ ရသေ့တောင်မြို့နယ်ရှိ ပွဲစားထံသို့ ပို့ဆောင်ပေးရခြင်း ဖြစ်သည်။

ထိုသို့ ပို့ဆောင်ပေးပါက တစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ ပွဲခရရှိပြီး ယခုနှစ်အတွင်း မွတ်စလင်မ် ၆ ဦးကို ပို့ဆောင် ပေးခဲ့သည်ဟု ထွက်ဆိုထားကြောင်း “ရခိုင်နေ့စဉ်”က ဖော်ပြသည်။

လူမှောင်ခိုပွဲစားများ ခေါ်ဆောင်လာသည့် မွတ်စလင်မ် နှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်လိုသည့်အတွက် ပွဲစားများနှင့်ချိတ်ဆက်ကာ ပို့ဆောင်ခ ငွေကျပ်သိန်း ၆၀ ကို မလေးရှား ရောက်ရှိမှ သာ ပေးချေရမည်ဟု သဘောတူခဲ့ကြောင်း သိရသည်။

မွတ်စလင်မ်များမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်ပနိုင်ငံ များ၌ အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

“အခုက စားဝတ်နေရေးကျပ်တည်းလာတယ်။ အလုပ်အကိုင်တွေလည်း ရှားတဲ့အတွက် ပြည်ပနိုင်ငံတွေကို သွားပြီး အလုပ်လုပ်ကိုင်ကြရတယ်။ တရားမဝင်လမ်းကနေ သွားကြတယ်။ အဲတော့ သူတို့တွေက လူကုန်ကူးခံရ တယ်” ဟု ဘူးသီးတောင်မြို့မှ မွတ်စလင်မ် အမျိုးသားတစ်ဦးက ပြောသည်။

လူကုန်ကူးခံရမှုများ ရှိနေခြင်းမှာလည်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး အသိပညာအားနည်းခြင်း၊ အယုံလွယ်ခြင်း၊ လွတ်လပ်စွာသွားလာခွင့် မရရှိကြခြင်းကြောင့်ဟု မွတ်စလင်မ်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“လူကုန်ကူးခံရတာ ဘယ်လောက်ပဲများနေများနေ အရေးယူတာကတော့ မရှိသလောက်နည်းနေပါတယ်။ ကျနော်တို့မှာ ကိုယ့်အသိစိတ်နဲ့ပဲ ဆုံးဖြတ်ကြရမယ်။ အဲဒါကြောင့် အသိပညာပေးမှုတွေ အများကြီးလုပ်ပေး စေချင်ပါတယ်” ဟု စစ်တွေမြို့နယ်၊ အုန်းတောကြီး(တောင်) ဒုက္ခသည်စခန်းမှ မွတ်စလင်မ် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှ အပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ကြောင်း ဖော်ပြထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...