တပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာ ရရှိခဲ့သည့်အပေါ် လိုအပ်သလို တုန့်ပြန်သွားမည်ဟု AA ပြော

တပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာ ရရှိခဲ့သည့်အပေါ် လိုအပ်သလို တုန့်ပြန်သွားမည်ဟု AA ပြော

ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ မုန်လိုင်ခက်၊ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းထဲသို့ စစ်ကောင်စီတပ်က ပစ် ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရာရှိနှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ သည့် အပေါ် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဟု AA ဘက်က ပြောဆိုသည်။

စက်တင်ဘာ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက “အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေနဲ့ လိုအပ်သလို လုပ်ဆောင်သွားဖို့ရှိတယ်။ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော်ဆီကို တစ်စုံတစ်ရာ ရုံးချုပ်က ပြော ဆိုလာတာတော့ မရှိသေးပါဘူး” ဟု DMG ကို ပြောသည်။

စစ်ကောင်စီတပ် အခြေပြုထားသည့် ခါယာတောကြော တပ်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် AA  တပ် စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်အတိအကျကို  ဦးခိုင်သုခက ပြောဆိုခြင်း မရှိပေ။

လက်ရှိ ရခိုင်ဒေသတွင် နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်ထား၍ စစ်ရေးတည်ငြိမ်နေသည့် အခြေအနေတွင် စစ်ကောင်စီ၏ လိုင်ဇာပစ်ခတ်မှု လုပ်ရပ်မှာ ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ပြောဆိုကြသည်။

ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးအောင်သောင်းရွှေက “မကြာသေးခင်ကလည်း စစ်ကောင်စီက ရခိုင် ကမ်းရိုးတန်းမှာ စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်တာရှိတယ်။ အခု လိုင်ဇာမှာ လက်နက်ကြီးပစ်တဲ့ကိစ္စ၊ ဒီကိစ္စ တွေဟာ ယုံကြည်မှုကို ပျက်ပြားစေတယ်။ ဆိုတော့ ဒီလိုအနေအ ထားမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နိုင် သလား ဆိုတော့ ကျနော်အနေနဲ့တော့ ရှိတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဗန်းမော်နှင့် လိုင်ဇာမြို့ အနီးတစ်ဝိုက်တို့တွင် စစ်ကြောင်းထိုး တိုက်ခတ်နေသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် KIA နှင့်အတူ ဝင်ရောက်တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီက မကျေနပ်၍ တုန့်ပြန်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အခြားတစ်ဘက်တွင်လည်း ယင်းတိုက်ပွဲအပေါ်မူတည်၍ AA ဘက်က စစ်မျက်နှာ ပြောင်းလဲဖွင့်လာ နိုင် ကြောင်းလည်း မြန်မာ့နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပေးနေကြသည်။

“တစ်ဘက်က စစ်ရေးအရှိန်အဟုန် မြှင့်လာလို့ရှိရင် မုတ်ချ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားပြီးတော့ ဒီရခိုင်စစ်မျက်နှာမှာ ဒီနွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ရခိုင်လည်း ပါဝင်လာလိမ့်မယ်လို့ မျှော်လင့် ရတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

ပြီခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် KNLA ဒေသရှိ AA စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA တပ်သား ၆ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို လက်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည် မောင်တောမြို့နယ်၊ ဆောင်ပညာရွာ စံကားပင်ရင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို AA က တိုက်ခိုက်ကာ တပ်ဖွဲ့ဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။

အလားတူ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်း တစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့သည့်ဖြစ်စဉ်တွင် AA မှ ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...