ကွတ်ခိုင်မြို့နယ်တွင်း TNLA တပ်စခန်း စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

ကွတ်ခိုင်မြို့နယ်တွင်း TNLA တပ်စခန်း စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုအတွင်းရှိ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်စခန်း တစ်နေရာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင် မိုင်းယုကျေးရွာအုပ်စု၊ ငေါ့ငါးရွာအနီးရှိ (TNLA) တပ်စခန်းနေရာကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံး ၃ လုံးထက်မနည်း ဗုံးကြဲချ တိုက်ခိုက် လိုက်ခြင်းဖြစ် ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လေယာဥ်က တစ်စီးပဲ။ အမြင့်ပေ ၂၀၀ မီတာလောက်ကနေ ပျံသန်းလာတာ၊ ဗုံး ၃ လုံး ကြဲချပြီး လေယာဥ် ပေါ်ကနေ စက်သေနတ်နဲ့လည်း ပစ်သွားတယ်။ အဲ့ဒီ နေရာက TNLA စခန်းရှိတယ်၊ ထိခိုက်မှု သတင်းတော့ မသိ ရသေးဘူး” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင် စီ နှင့် TNLA တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တစ်စီးဖြင့် လွိုင် မောက် နှင့် လွိုင်နမ့်ကတ် အနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ TNLA နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်လာသောကြောင့် စယ်လန့်ကျေးရွာရှိ ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားရကြောင်းလည်း သိရှိရသည်။

စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ယမန်နေ့ မူဆယ်မြို့နယ်အတွင်း ဗုံးကြဲ တိုက်ခိုက်ခြင်း နှင့် ပတ်သက် ပြီး TNLA တပ်စခန်း၏ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း ယနေ့ စက်တင်ဘာ (၂၆) ရက်တွင် PSLF/TNLA ၏ ပြန်ကြားရေး နှင့် သတင်းဌာန လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ထားသည်။

TNLA တပ်၏ မှတ်တမ်းများအရ စစ်ကောင်စီတပ် နှင့် TNLA တပ်ကြား ဇူလိုင်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) ရက်နေ့အထိ နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲ စုစုပေါင်း (၅၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း PSLF/TNLA က ထုတ်ပြန်ထားသည်။

July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...
July 27, 2026
သျှမ်းပြည်၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့်...
July 24, 2026
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင်...
July 24, 2026
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း...