ငှက်မျိုးစိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် မာန်အောင်တွင် ငှက်အိမ် ၁၅၀ ချိတ်ဆွဲနေ

ငှက်မျိုးစိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် မာန်အောင်တွင် ငှက်အိမ် ၁၅၀ ချိတ်ဆွဲနေ
မာန်အောင်မြို့နယ်တွင် ငှက်အိမ်များ ချိတ်ဆွဲရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်မြင့်သူ
မာန်အောင်မြို့နယ်တွင် ငှက်အိမ်များ ချိတ်ဆွဲရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်မြင့်သူ

ငှက်မျိုးစိပ်များ မျိုးသုဉ်းမပျောက်ကွယ်ရန်နှင့် သဘာဝအလျောက် ကျင်လည်ကျက်စားနိုင်ရန်အတွက် ရခိုင် ပြည်၊ မာန်အောင်မြို့နယ်တွင် ငှက်အိမ်အလုံး ၁၅၀ ကို ချိတ်ဆွဲပေးနေသည်။

ငှက်အိမ်များကို မာန်အောင်ကျွန်းမှ “သိမ္ဘလ” ကမ်းခြေ၊ တောင်နီတောင်၊ သန္တာကျောက်တန်း အနီးတဝိုက်ရှိ သစ်ပင်များတွင် စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ချိတ်ဆွဲနေခြင်းဖြစ်သည်။

ငှက်မျိုးစိပ်များ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ရှင်သန်လာစေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ငှက်အိမ်ချိတ်ဆွဲရာတွင် ဦးဆောင်လုပ်ကိုင်နေသည့် ကိုအောင်မြင့်သူက ပြောသည်။

“အများစုကတော့ ဖွံ့ဖြိုးတိုးတက်လာမယ့် နေရာတွေမှာ ချိတ်တာ။ အဲဒီနေရာတွေက ဖွံ့ဖြိုးတိုးတက်လာရင် သစ်ပင်တွေ ခုတ်လှဲတာတွေရှိလာနိုင်တာမို့ ကြိုတင်ကာကွယ်တဲ့ သဘောလဲဖြစ်တယ်။ ငှက်မျိုးစိပ်တွေကိုလည်း ထိန်းသိမ်းချင်တာလည်းပါတယ်” ဟု ၎င်းကပြောသည်။

ငှက်အိမ်များ ချိတ်ဆွဲနိုင်ရေးအတွက် ရမ်းဗြဲမြို့နယ်မှ စာရေးဆရာ အောင်ဇေမင်းထံမှ ထည့်ဝင်သည့် အလှူငွေ နှင့် ဒေသတွင်း ငှက်မျိုးစိပ်များ ချစ်မြတ်နိုးထိန်းသိမ်းသူများ၏ အလှူထည့်ဝင်ငွေများဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ငှက်အိမ်များကို သစ်၊ ဝါးများအသုံးပြုကာ ပုံစံသုံးမျိုးဖြင့် ပြုလုပ်ထားပြီး ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ ခန့် ကုန်ကျစရိတ်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အနီးရှိ ကျောင်းတောင်နှင့် တန်းဖိုခါး တောင် တန်းတို့တွင် ငှက်အိမ်အလုံး ၁၂၀ ကို စတင်ချိတ်ဆွဲခဲ့ပြီး လက်ရှိရမ်းဗြဲတွင် ငှက်အိမ် ၄၀၀ ကျော်အထိ ချိတ်ဆွဲ ထားနိုင်ပြီ ဖြစ်ကြောင်းလည်း လုပ်ကိုင်နေသူများက ပြောသည်။

မာန်အောင်ဒေသခံ ကိုမြင့်မြတ်အောင်က “အခုလိုချိတ်ဆွဲပေးတော့ ငှက်မျိုးသုဉ်းမှုကို ထိန်းသိမ်းရာ ရောက်သ လို ဂေဟစနစ်ပျက်စီးမယ့်အရေးကိုလည်း ထိန်းသိမ်းနိုင်တယ်။ ကျနော်တို့က ဒီလိုလုပ်ဆောင်တာတွေကို အား ပေးတယ်။ နောက်ထပ်လည်း ဒီထက်အများကြီးချိတ်ဆွဲနိုင်ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် သစ်တော၊ ဒီရေတော ပြုန်းတီးလာမှုကြောင့် အဆိုပါနေရာများတွင် ကျက်စားနေထိုင်ကြသည့် ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ပြော သည်။

ရခိုင်တွင် ငှက်မျိုးစိပ်ပေါင်း ၁၀၀ ကျော်ရှိပြီး လက်ရှိ အရွယ်အစားကြီးသော ငှက်မျိုးစိပ်များမှာ မျိုးသုဉ်းပျောက် ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးက ပြောသည်။

“ငှက်အကောင် အရေအတွက်က သိသိသာသာ ကျဆင်းလာတယ်။ ကျနော်တို့ကတော့ အမြဲတမ်းစောင့်ကြည့်ပြီး စာရင်းတွေပြုစုတာတွေ၊ ထိန်းသိမ်းရေးတွေ လုပ်နေတယ်။ အကောင်အရေအတွက်တွေကို အမြဲတမ်း စိစစ် တယ်။ ပြည်သူတွေဘက်ကလည်း ငှက်တွေကို သတ်စားတာတွေကို ထိန်းသိမ်းဖို့လိုတယ်” ဟု ဦးရန်နောင်စိုးက ပြောသည်။

ငှက်မျိုးစိပ်များပြန့်ပွားမှုမှာ ဂေဟစနစ်နှင့် တိုက်ရိုက်ချိတ်ဆက်နေ၍ သစ်တောများကို ထိန်းသိမ်းခြင်းအပြင် ငှက်မျိုးစိပ် ထိန်းသိမ်းရေးလုပ်ငန်းများကို ငွေကြေးအကုန်ကျခံပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက ပြောဆိုကြသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...