စစ်တွေ အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းသင်္ဘောများကို စတင်ဆိုက်ကပ်ခွင့်ပြု

စစ်တွေ အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းသင်္ဘောများကို စတင်ဆိုက်ကပ်ခွင့်ပြု
ကုလားတန်စီမံကိန်းထဲမှ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို တွေ့ရစဉ်။
ကုလားတန်စီမံကိန်းထဲမှ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို တွေ့ရစဉ်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းထဲက စစ်တွေဆိပ်ခံ တံတားတွင် ပြည်တွင်းကမ်းရိုးတန်း သင်္ဘောများ ဆိုက်ကပ်ခွင့်ကို စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (RSCCI) ထံမှ သိရသည်။

နိုင်ငံတကာ စံချိန်စံညွှန်းမီသည့် စစ်တွေဆိပ်ခံတံတားတွင် ပြည်တွင်းကမ်းရိုးတန်း သင်္ဘောများကို ဆိုက်ကပ်ခွင့် ပေးခြင်းမှာ ကုန်တင်ကုန်ချ လုပ်ဆောင်မှုအတွက် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ရခိုင်ပြည်နယ် ကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“အခု ဒီဆိပ်ကမ်းကို အသုံးပြုခွင့်ရတဲ့အတွက် ကုန်တင်ကုန်ချပြုလုပ်ကြရာမှာ အချိန်တိုတောင်းသွားနိုင်တယ်။ အရင်တုန်းကဆိုရင် ဆိပ်ခံတံတားမရှိလို့ ရေလယ်တွေမှာရပ်ပြီး သင်္ဘောလေးတွေနဲ့ သယ်ရတာတွေရှိတယ်။ အခု ဆိပ်ကမ်းပေါ်မှာ သင်္ဘောတွေ အပြည်အဝဆိုက်ကပ်ခွင့်ရတဲ့အတွက် ကုန်တင်ကုန်ချအချိန်တွေ တိုတောင်း သွားနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

ကုလားတန် စီမံကိန်းထဲက စစ်တွေဆိပ်ခံတံတားကို မေလ ၉ ရက်နေ့တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူ များမှ ဖွင့်လှစ်ခဲ့သော်လည်း မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေး သင်္ဘောများကိုသာ ဆိုက်ကပ်ခွင့်ပြုခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်တွင်းကမ်းရိုးတန်း သင်္ဘောများကို စတင်ဆိုက်ကပ်ခွင့် ပြုလာ ခြင်း ဖြစ်သည်။

အဆိုပါ ဆိပ်ခံတံတားမှာ ပြည်ပသင်္ဘောများနှင့် ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတားမျိုး ဖြစ်သည်။

ယခင်က စစ်တွေ-ရန်ကုန် ပြေးဆွဲနေကြသည့် ကမ်းရိုးတန်းသင်္ဘောများမှာ ကုလားတန်မြစ်ထဲနှင့် ဆတ်ရိုးကျ ချောင်း အတွင်းရှိ ဆိပ်ကမ်းငယ်များတွင် ဆိုက်ကပ်ကာ ကုန်တင်ကုန်ချ ပြုလုပ်နေကြခြင်းဖြစ်သည်။

ကုလားတန်စီမံကိန်းထဲက စစ်တွေဆိပ်ခံတံတားကို အသုံးပြုခွင့်ရခြင်းမှာ ရခိုင်ပြည်၏ နိုင်ငံခြား ပို့ကုန်၊ သွင်း ကုန်များ ပို၍ရှင်သန်လာနိုင်ကြောင်း ရခိုင်က စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ပြည်တွင်းထဲမှာလည်း ကမ်းရိုးတန်းသင်္ဘောတွေ ဆိုက်ကပ်ခွင့်ရတာက ရခိုင်ပြည်ရဲ့ ပြည်သူလူထုအတွက် ကုန်ဈေးနှုန်းတွေ တည်ငြိမ်ကျဆင်းရေးကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်တယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်တွင် တန်ချိန် ၅ ထောင်မှ ၆ ထောင်ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည်ဖြစ်သည်။

စစ်တွေ ဆိပ်ခံတံတားတွင် ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်ခွင့်ပြုခြင်းမှာ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှိလာနိုင်သည်ဟုလည်း ရှုမြင်ကြသည်။

စစ်တွေမြို့က ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက “စစ်တွေမှာက ဆိပ်ကမ်းအားနည်းတဲ့ ပြဿနာရှိတယ်။ အခုလို ဆိပ်ကမ်းကြီးတွေမှာ ကမ်းကပ်ခွင့်ရတော့ ပိုပြီး မြန်ဆန်သွားနိုင်သလို ပိုပြီး အဆင်ပြေ နိုင်တယ်” ဟု ပြောသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် အိန္ဒိယနိုင်ငံမှ ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြုပ်နှံထားပြီး ကုန်းလမ်းနှင့် ရေလမ်း နှစ်မျိုး ပါဝင်သည်။ ရေလမ်းမှာ စစ်တွေမှ ပလက်ဝအထိဖြစ်ပြီး ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့် ဆက်သွယ်သွားမည် ဖြစ်သည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...