စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ

စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ
စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြား နေကြသည့် ကျောင်းသူ/သားများ
စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြား နေကြသည့် ကျောင်းသူ/သားများ

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းမှ အဝေးသင် တက္ကသိုလ်ကျောင်းသား/သူတချို့မှာ ကုန်ဈေးနှုန်းနှင့် ပညာသင်စရိတ် မြင့်တက်နေမှုကြောင့် ပညာသင်ကြားရန် အခက်အခဲများရှိနေကြသည်။

“ဒီနှစ်တော့ ကျောင်းတက်ဖြစ်တော့မှာ မဟုတ်ဘူး။ မိဘတွေလည်း အလုပ်အကိုင်အဆင်မပြေ၊ ကုန်ဈေးနှုန်းတွေ ကလည်း မြင့်တက်နေတော့ ကျောင်းဆက်တက်ဖို့ တော်တော်အခက်အခဲရှိနေတယ်” ဟု ရသေ့တောင်မြို့၊ ရွှေပါရမီစစ်ဘေးရှောင်စခန်းနေ အရှေ့တိုင်းအထူးပြု ဒုတိယနှစ်ကျောင်းသူ မခင်မြတ်ဝေက ပြောသည်။

ပြီးခဲ့သည့်နှစ်က အဝေးသင်ကျောင်းသားတစ်ဦးလျှင် အဆောင်နေစရိတ် ငွေကျပ် ငါးသောင်း၊ ထမင်းစားစရိတ် ခုနစ်သောင်းကျပ်နှင့် ကျူရှင်လခ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်သာရှိခဲ့သည်။ ယခုနှစ်တွင် အဆောင်နေ စရိတ် ရှစ်သောင်းကျပ်၊ ထမင်းစားစရိတ် တစ်သိန်းနှစ်သောင်းနှင့် ကျူရှင်လခမှာလည်း နှစ်သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း ကျောင်းသား/သူများက ပြောသည်။

ထို့အပြင် အခြေခံလူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းဈေးနှုန်းမှာ ယခင်နှစ်ထက် နှစ်ဆမြင့်တက်နေပြီး သွား လာရေးစရိတ်များလည်း မြင့်တက်နေသဖြင့် စစ်ဘေးရှောင်စခန်းမှ တက္ကသိုလ်ကျောင်းသား/သူများမှာ ပို၍ အခက်တွေ့နေခြင်း ဖြစ်သည်။

“စာသင်စရိတ်က ဈေးကြီးတော့ ကိုယ့်အနေနဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်။ စစ်ဘေးရှောင်ကျောင်းသားတွေ အတွက် စာသင်စရိတ်ထောက်ပံ့မှုတွေ ပေးမယ်ဆိုပြီးတော့ စာရင်းကောက်တာတွေရှိပေမယ့် အခုထိ ဘာမှ ထူးလာမသေးဘူး။ ဒီအခြေအနေနဲ့ ကျောင်းတက်ဖို့ကမသေချာဘူး” ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ အကူအညီရရှိမှုနည်းပါးလာပြီး အလုပ်အကိုင်ရှားပါးသည့်အထဲ စားဝတ်နေရေးအပြင် သားသမီးပညာရေးအတွက်လည်း ရုန်းကန်နေကြရသည်။ စစ်ဘေးတိမ်းရှောင်စဉ်က ယူဆောင်လာသည့် ပစ္စည်းဥစ္စာများမှာလည်း ထုခွဲရောင်းချကာ စားဝတ်နေရေးအတွက် အသုံးပြုလိုက်ပြီဖြစ်၍ ကြုံရာကျပန်း လုပ်ကိုင်ကာ သားသမီးပညာရေးအတွက် ကြိုးပမ်းနေကြသည်။

“ကျနော့်မှာ သားတစ်ယောက် အဝေးသင်တက်ဖို့ သွားရတော့မယ်။ ပိုက်ဆံ ဘယ်ကရှာရမလဲ မသိသေးဘူး။ အခုလည်း နေ့တိုင်းထမင်းစားနိုင်ဖို့ ပန်းရံလုပ်တယ်၊ မျှစ်သွားချိုးရတယ်။ လူတွေမသွားရဲတဲ့နေရာတွေ တောထဲ ကိုသွားပြီး ဟင်းရှာရောင်းပြီး ပိုက်ဆံစုနေရတယ်” ဟု ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းက ဦးဦးစောသိန်းက ပြောသည်။

လက်ရှိတွင် ပထမအသုတ် သိပ္ပံတွဲကျောင်းသား/သူများ တက်ရောက်နေကြပြီး ဒုတိယအသုတ် ဝိပ္ပံတွဲနှင့် တတိယအသုတ် ဝိဇ္ဇာတွဲ ကျောင်းသား/သူများမှာ မကြာမီ ကျောင်းတက်ရတော့မည် ဖြစ်သည်။

ပညာသင်စရိတ်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးမားသဖြင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်အပါအဝင် တက္က သိုလ်ကျောင်းသား/သူတချို့မှာ ပညာဆက်မသင်တော့ဘဲ ပြည်ပသို့ထွက်ခွာမှုများရှိပြီး အချို့မှာလည်း မိမိ ဒေသအတွင်း ကြုံရာကျပန်းလုပ်ကိုင်ကာ ပညာသင်ကြားနိုင်ရေး ကြိုးစားနေကြသည်။

“မိဘတွေမှာ အလုပ်မရှိ ကျပ်တည်းတော့ ကျောင်းတက်ဖို့ နေ့စားအလုပ်လုပ်ပြီး ပိုက်ဆံစုနေတယ်။ အခု ကျောင်းတက်ဖို့ ပိုက်ဆံက မပြည့်သေးဘူး။ အမေကတော့ သူများဆီကချေးဖို့စီစဉ်နေတယ်။ နောက်နှစ်တော့ ရန်ကုန်သွားပြီး အလုပ်လုပ်တော့မယ်။ မဟုတ်ရင် ကျောင်းဆက်တက်နိုင်မှာ မဟုတ်ဘူး” ဟု မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ သမိုင်းအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုကျော်လင်းဌေးက ပြောသည်။

ရခိုင်နှင့်ပလက်ဝဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆ သောင်း နီးပါးရှိနေသေးပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...