အသံနှင့်တော်လှန်မည့် အဆိုရှင်လူငယ်များပါဝင်သော Online Live Show တစ်ခု KAA ပြုလုပ်မည်

အသံနှင့်တော်လှန်မည့် အဆိုရှင်လူငယ်များပါဝင်သော Online Live Show တစ်ခု KAA ပြုလုပ်မည်

ကရင်အမျိုးသား အစည်းအရုံး - KNU ၏ နိုင်ငံရေးနှင့် စည်းရုံးရေး၊ ဖွဲ့စည်းတည်ဆောက်ရေးနှင့် အသိပညာ ပေးရေးလုပ်ငန်း ကော်မတီ လက်အောက်ရှိ ကရင်အနုသုခုမ အသင်း - KAA က တော်လှန်တေးသံအမည်ရှိ အွန် လိုင်း Live Show ပွဲအား စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း လူမှုကွန်ရက်မှ တဆင့် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ အစီအစဥ်အား ယခင်ကတည်းက ပြုလုပ်ကျင်းပရန် စဥ်းစားချက်ရှိထားပြီး ယခု နွေဦးတော်လှန်ရေး ကာလအတွင်း မိမိတို့ တတ်ကျွမ်းသည့် အသံဖြင့် ပါဝင်တော် လှန်လိုသော အဆိုရှင်လူငယ်များအတွက် ဖန်တီး ကျင်းပခြင်း ဖြစ်ကြောင်း ပွဲကျင်းပရေး ကြေညာချက်အတွက် ပြောခွင့်ရရှိထားသူ KNU ပြောခွင့်ရ ပဒိုစော ကလယ်စေးက ပြောသည်။

ပဒိုစောကလယ်စေးက “တော်လှန်တေးသံမဖြစ်ခင် KAA ကို ဖွဲ့စည်းတာဖြစ်တယ်။ ဒီလိုအစီအစဥ်မျိုး ကျနော်တို့ ရှိခဲ့တာ ကြာပါပြီ။ နွေ ဦးတော်လှန်ရေး နောက်ပိုင်း ကျနော်တို့ဆီကို ရောက်လာတဲ့ အထဲမှာ လူငယ်တေးသံရှင် တွေလည်း ပါဝင် လာကြတာကိုတွေ့ရတော့ သူတို့ရဲ့ တော်လှန်ရေးမှာ ပါဝင်မှု တစ်ရပ်အဖြစ် ဖန်တီးလိုက်တာပါ။ သူတို့ တတ်စွမ်း တဲ့ ပညာနဲ့ တော်လှန်နိုင်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ တော်လှန်တေးသံကို စီစဥ်ရတာပါ” ဟု ပြောသည်။

အဆိုပါပွဲတွင် တေးသံရှင် နိုဗယ်ထူး၊ စောခရစ်မူးလာ၊ စနို၊ ဘိုဂျမ်း၊ အစရှိသည့် နာမည်ကြီး ကရင်အဆိုရှင်များ လည်း ပါဝင်အားဖြည့်သွားမည် ဖြစ်ပြီး လက်မှတ်များအား Karen Art Association-KAA ၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် စုံစမ်းဆက်သွယ်ဝယ်ယူ နိုင်သည်။

ထို့အပြင် အဆိုပါ လက်မှတ်များအား နိုင်ငံပေါင်း ၂၀ မှ သက်ဆိုင်ရာ နိုင်ငံအလိုက် ငွေကြေးနှုန်းထားများဖြင့် ဝယ်ယူနိုင်မည် ဖြစ်သလို မြန်မာကျပ်ငွေနှုန်းထားဖြင့် လတ်မှတ်တစ်စောင်လျှင် ငွေကျပ် ၃ သောင်း၊ အမေရိကန် ဒေါ်လာဖြင့် USD ၂၀ ၊ စင်ကာပူဒေါ်လာဖြင့် SGD ၂၀ နှင့် ထိုင်းဘတ်ဖြင့် ၃၀၀ ဘတ် စသည်ဖြင့် ဝယ်ယူရရှိနိုင် သည်။

KNU လက်အောက်ရှိ ဌာနခွဲ တစ်ခုဖြစ်သော ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး ဌာနခွဲ၏ ရှေ့လုပ်ငန်း စဥ်များအား အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်၍ အနုသုခုမ ကဏ္ဍအား ထည့်သွင်းခြင်းဖြင့် KAA အား ဖွဲ့စည်းခဲ့သလို နယ်စပ်ဒေသသို့ ရောက်ရှိခိုလှုံလာသော ကရင်အနုပညာရှင်များအနေဖြင့် ကရင်အမျိုးသားရေး ပန်းတိုင်သို့ တက်လှမ်းရာတွင် ကိုယ်စွမ်းသလောက် ပါဝင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း KNU ၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

အဆိုပါ အွန်လိုင်း Live Show အား ပြည်တွင်းပြည်ပရှိ တော်လှန်ရေးတွင် ပါဝင်နေသူများ အနေဖြင့် အားပေး ကြည့်ရှုကြရန်လည်း KNU က ဖိတ်ခေါ် ထားသည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...