ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်

ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်
ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း တစ်ခုကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့၊ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲ သတင်းရင်းမြစ်များက ပြောသည်။

သစ်ချဆိပ်ရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင်မူ တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က အတုန်းအရုန်းပဲ။ ထိခိုက်တာတွေ အများကြီးပဲ” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၍ ခုနစ်ဦး အရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများ ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ မဇ္ဈိမက ကနဦးသိရှိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း ဆို သည်။

အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကမူ စခန်းသိမ်းပိုက်ရရှိမှုကို အတည်ပြုပြီး စစ်ကောင်စီတပ် သေဆုံး အရေအတွက်နှင့် ဖမ်းဆီးရမိ သိမ်းဆည်းရရှိအရေအတွက်များအား ထုတ်ပြန်ပေး သွားမည်ဟု မဇ္ဈိမကို ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်း ထောက်လှမ်းဝဲပျံမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ သော်လည်း လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

ကျောက်ကြီး၊ မုန်း၊ ဖြူး၊ ကျောက်တံခါးနှင့် ထန်းတပင်မြို့နယ်တို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် မြို့နယ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီ ကင်းဂိတ်ကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံး ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း − တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...