ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းဖြည့်ဆည်းပေးမည်ဟု စစ်ခေါင်းဆောင်ပြောဆိုမှု အကောင်အထည် မပေါ်သေး

ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းဖြည့်ဆည်းပေးမည်ဟု စစ်ခေါင်းဆောင်ပြောဆိုမှု အကောင်အထည် မပေါ်သေး

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် လိုအပ်နေသော ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးသွား မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မုန်တိုင်းအလွန်ကာလ ဇူလိုင်လ ၁၁ ရက်နေ့ ရခိုင်ခရီးစဉ်တွင် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ အကောင်အထည် ပေါ်မလာသေးပေ။

မုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်တွင် နာမကျန်းဖြစ်ပွားသူ အများအပြားရှိနေပြီး ကျန်းမာရေးဝန်းထမ်း လုံ လောက်မှုမရှိ၍ အခက်အခဲများရှိနေကြသည်။

လက်ရှိတွင် ပြည်နယ်ကျန်းမာရေးဌာနက ယာယီ ကျန်းမာရေးဝန်ထမ်း ၃ ဦးချပေးထားသော်လည်း ထပ်မံလို အပ်နေသေးကြောင်း ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ တင်မြင့်ဦးက ပြောသည်။

“ဆရာဝန်လိုအပ်ချက်တွေကို လုံးဝဖြည့်ဆည်းပေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဆင်ပြေအောင်အတွက် ပေါက်တောကနေ လက်ထောက်ဆရာဝန်တစ်ယောက်၊ သူနာပြုဆရာမနှစ်ယောက်ကို ယာယီအနေနဲ့ ဖြည့် ဆည်းပေးထားတယ်။ ယာယီအနေနဲ့ဖြစ်တာကြောင့် ဘယ်နှစ်လလဲဆိုတာကိုတော့ မသိဘူး” ဟု ဒေါက်တာ တင်မြင့်ဦးက ပြောသည်။

မုန်တိုင်းလွန်ကာလ ရခိုင်ပြည်အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ်များမှ ဒေသခံပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်လျက်ရှိနေသည်။  အဆိုပါမြို့နယ်များရှိ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိသဖြင့် ဒေသခံများမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိဘဲ ဖြစ်နေကြသည်။

ရသေ့တောင်မြို့နယ်ရှိ ကူတောင်နှင့် ဦးဂါတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိ၍ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံ တွေ့ရလျှင် ကျေးရွာနှင့်ရေကြောင်းခရီး ၃ နာရီဝေးသော ရသေ့တောင်မြို့သို့ သွားရောက်ကာ ဆေးကုသမှု ခံယူ နေရသည်။

ဦးဂါကျေးရွာမှ ကိုမောင်မြတ်အောင်က “ကိုယ့်ဒေသမှာ တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်မရှိတာက ကျနော်တို့ကို အသေသတ်နေတာနဲ့ တူနေပါတယ်။ အဲဒါကြောင့် အစိုးရ(စစ်ကောင်စီ) အနေနဲ့လည်း ဆရာဝန် အမြန်ဆုံး ချပေး စေချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တောင်ပိုင်း ရမ်းဗြဲမြို့က ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ဆရာဝန်တစ်ဦး၊ သွားဆရာဝန် နှစ်ဦးနှင့် သူနာပြု ၂၅ ဦးဖြင့် လည်ပတ်နေရ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲများကြုံတွေ့ရ သည်။

ရမ်းဗြဲ‌ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဆရာဝန် လုံလောက်မှုမရှိတာနဲ့ပတ်သက်လို့ အရင်က စာတင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုထိ မထူးသေးဘူး။ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာက လူနာနဲ့ ကျမတို့ ဝန်ထမ်းတွေကြားမှာ ပြဿနာတွေဖြစ်ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ဆေးခန်းများ ရှိသော် လည်း လုံလောက်သော ကျန်းမာရေးဝန်ထမ်း ခန့်အပ်ထားခြင်းမရှိသဖြင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“စစ်ကောင်စီကတော့ အိပ်မက်သက်သက် ပေးခဲ့တာလို့ ပြောချင်တယ်။ အခုဆို တစ်လကျော် ကြာမြင့်နေပြီ။ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မှလည်း မရောက်သေးဘူး။ သူတို့ ဝန်ထမ်းဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒရှိရင် ချပေးလို့ရတယ်။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုအပေါ် အာရုံစိုက်ဖို့လိုပါတယ်” ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ရခိုင်ပြည်တွင် တိုက်နယ်ဆေးရုံ ၅၃ ခုရှိသည့်အနက် တိုက်နယ်ဆေးရုံ ၂၃ ခုတွင် ဆရာဝန် ချမပေးနိုင်သေး ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် စာရင်းများအရ ရခိုင်ပြည်ရှိ ဆေးရုံပေါင်း ၇၀ တွင် ကုတင် ၅၀၀ ဆံ့ဆေးရုံ ၁ခု၊ ကုတင် ၂၀၀ ဆံ့ ၁ခု၊ ကုတင် ၁၀၀ ဆံ့ ၄ ခု၊ ကုတင် ၅၀ ဆံ့ ၈ ခု၊ ကုတင် ၂၅ ဆံ့ ၄ ခုနှင့် ၁၆ ကုတင်ဆံ့နှင့် တိုက်နယ် ၅၂ ခုရှိပြီး ကျေး လက်ကျန်းမာရေးဌာန ၁၀၀ ခုနှင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ၅၆၀ ခုရှိသည်။

ရခိုင်တစ်ပြည်လုံးတွင် ဆရာဝန် ၈၁၆ ဦး ခန့်ထားရမည် ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်အထိ ဆရာဝန် ၂၃၆ ဦးသာ ခန့်ထားနိုင်သေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာအရင်းအရသိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...