စစ်တွေမြို့နယ်မှ မွတ်ဆလင် ၄ ဦး လူကုန်ကူးခံထားရကြောင်း မိသားစုပြော

စစ်တွေမြို့နယ်မှ မွတ်ဆလင် ၄ ဦး လူကုန်ကူးခံထားရကြောင်း မိသားစုပြော
လူကုန်ကူးခံထားရသည့် မောင်မမောတ်ဆော်လိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
လူကုန်ကူးခံထားရသည့် မောင်မမောတ်ဆော်လိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ မွတ်ဆလင် ၄ ဦးကို အလုပ်အကိုင်ရရှိမည်ဟု လိမ်ညာခေါ်ဆောင်ကာ လူကုန်ကူးခံ လိုက်ရသည်ဟု မိသားစုဝင်များက DMG ကို ပြောသည်။

လူကုန်ကူးခံရသူများမှာ စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ မမောတ်ဆော် လိမ် အသက် ၁၆ နှစ်၊ ခေါင်းဒုက္ကာကျေးရွာမှ ဟာလာယာ၊ ဆော်ယောတ်တာမိန်နှင့် ဘောဒူဖကျေးရွာမှ တာဟာရ် (အသက်မသိရ)တို့ ဖြစ်ကြသည်။

၎င်းတို့လေးဦးကို ရသေ့တောင်မြို့နယ်တွင် အလုပ်ရမည်ဟု ခေါင်းဒုက္ကာကျေးရွာမှ ဘိုင်တားယာ ဆိုသူက ဇူလိုင် လ ၁ ရက်နေ့တွင် လိမ်ညာခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ထို့နောက် ဘိုင်တားယာက စစ်တွေမြို့နယ်၊ အလားသင်ကျေးရွာမှ ရှောင်ချုးအာလမ်ထံသို့ အပ်နှံခဲ့ကာ ထိုမှ တစ် ဆင့် ခတင်ပိုက်ရွာငယ်နေ ပွဲစားဖြစ်သူ ဆော်မော်ဒိန်ထံသို့ ၎င်းတို့လေးဦးကို ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များ က ပြောသည်။

မော်မမောတ်ဆော်လိမ်၏ မိခင် ဒေါ်မောင်တာစ်ဘေဂေါင်က “ကျမက ဆော်မော်ဒိန်ဆီကို သွားတွေ့တယ်။ သူက ကျမသားကိုပြန်ရမယ်ဆိုရင် ငွေ သိန်း ၆၀ ပေးရမယ်ဆိုပြီးတော့ ပြောတယ်။ မပေးဘူးဆိုရင် ‘အသေသတ်ပစ် မယ်’ ဆိုပြီးတော့ ပြောတယ်။ ကျမက တစ်ရက်စာတစ်ရက် ရှာစားနေရတာ။ ဘယ်လိုလုပ်ပြီး သိန်း ၆၀ ပေးနိုင် မှာလဲ။ ကျမ သားလေးကို အတတ်နိုင်ဆုံး ကူညီပေးစေပါတယ်” ဟု DMG သို့ ပြောသည်။

သားဖြစ်သူ လူကုန်ကူးခံထားရသည့် အကြောင်းကို ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းသို့ တိုင်ကြားထားကြောင်း ဒေါ်မောင်တာစ်ဘေဂေါင်က ဆက် ပြောသည်။

“ဆော်မော်ဒိန်က ခတင်ပိုက်ရွာမှာ နေတာ။ အခုအချိန်ထိ ရဲတွေက ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ ကျမ သားနဲ့တော့ အဆက်အသွယ်ရပါတယ်။ သူက ပဲခူးမှာ ကျနော်တို့ကို ဖမ်းထားတယ်ဆိုပြီးတော့ ပြောတယ်” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စအား အသေးစိတ်သိရှိနိုင်ရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။ လူကုန်ကူးခံရသူများနှင့် စကားပြောခွင့်ရရန်လည်း DMG က ကြိုးစားနေဆဲ ဖြစ်သည်။

ယခင်ကလည်း အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းတွင် လူကုန်ကူးခံရသူများရှိခဲ့ပြီး ပွဲစားများက ငွေတောင်းယူမှုများရှိကြောင်း စခန်းကော်မတီဝင် ကိုအီနူစ်က ပြောသည်။

“ပွဲစားတွေက မလေးရှားကိုရောက်ရင် ငွေသိန်း ၈၀ ပေးရမယ်ဆိုပြီး လိမ်ပြီးတော့ ခေါ်သွားတာတွေလည်း ရှိ တယ်။ ဒုက္ခသည်စခန်းမှာက အလုပ်အကိုင်က မရှိဘူးလေ။ သူတို့က အလုပ်ရမယ်ဆိုပြီးခေါ်တော့ လိုက်သွား တာပေါ့” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် သွားလာခွင့် ကန့်သတ်ခံရမှုတို့ကြောင့် ပြည်ပသို့ထွက်ခွာသည့် မွတ်ဆလင်များလည်း ပွဲစားအလိမ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ရှိနေကြသည်။

July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...
July 8, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ယခုနှစ် မိုးရာသီကာလ...