ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင်မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁/၂၊ နိုင်ငံတော်ဆူပူ အောင် လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၈ ဦးထိ ကျန်ရှိနေသေးသည်ကို DMG က စာရင်းကောက်ယူ ရရှိထားသည်။
နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူများမှာ စစ်တွေမြို့တွင် ၂၁ ဦး၊ ကျောက်တော်မြို့တွင် ၅ ဦး၊ မြောက်ဦး က ၅ ဦး၊ ဘူးသီးတောင်က ၅ ဦး၊ မင်းပြားတွင် ၃ ဦး၊ ကျောက်ဖြူမြို့ ၂၇ ဦး၊ သံတွဲက ၂၈ ဦး၊ အမ်းမြို့က ၁၅ ဦးနှင့် တောင်ကုတ်မြို့က ၁၉ ဦးတို့ ဖြစ်ကြသည်။
“အခုဆိုရင် ကျမ အမျိုးသားကို ဖမ်းဆီးထားတာ တစ်နှစ်ကျော်သွားပြီ။ လွှတ်လည်း မလွှတ်ပေးသေးဘူး။ ရုံး ချိန်းရင်လည်း တရားလိုဖက်က မရောက်ဘူး။ အခုလည်း ဒီလ ၂၉ ရက်နေ့ကို ထပ်ရုံးချိန်းထားတယ်။ အပြစ်မရှိ ဆိုရင်လည်း လွှတ်ပေးစေချင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ မအေးအေးခိုင်က ပြောသည်။
မအေးအေးခိုင်၏ ခင်ပွန်းဖြစ်သူ ကိုဘလှိုင် အပါအဝင် ပုဏ္ဏားကျွန်းမြို့ခံ ၇ ဦးတို့ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁/၂ တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦးမှာ ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
သို့သော် စစ်တွေအကျဉ်းထောင်မှ ၁၃ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၅ ဦး၊ ကျောက်တော် အချုပ်ခန်းမှ ၂ ဦး၊ မင်းပြားအချုပ်ခန်းမှ ၁ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၀ ဦး၊ တောင်ကုတ်အချုပ်ခန်းမှ ၁၉ ဦးနှင့် သံတွဲ အကျဉ်းထောင်မှ ၂ ဦးတို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
အလားတူ စစ်တွေတွင် ၈ ဦး၊ ကျောက်တော်တွင် ၃ ဦး၊ မြောက်ဦး ၅ ဦး၊ ကျောက်ဖြူ ၁၇ ဦးနှင့် သံတွဲမြို့ ၂၆ ဦးတို့မှာ နိုင်ငံတော်ဆူပူအောင် လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
လက်ရှိ အမှုရင်ဆိုင်နေရသူများမှာ တရားလိုမရောက်ဘဲ ရုံးချိန်းများ အကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရသဖြင့် နစ်နာမှု ရှိသည်ဟု မိသားစုဝင်များက ပြောသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ကိုလှအောင်သိန်း က “ထောင်ဝင်စာလည်း တွေ့ခွင့်မရတော့ မိသားစုနဲ့လည်း မတွေ့ရဘူး။ အပြစ်မရှိဘူးဆိုရင် အကုန်လုံးကို ပြန် လွှတ်ပေးစေချင်တယ်။ အခုက ရုံးထပ်ကာ ထပ်ကာ ချိန်းနေတာကတော့ မိသားစုတွေအတွက်ရော၊ ဖမ်းဆီးခံ ထားရတဲ့ သူတွေအတွက်ပါ အခက်အခဲရှိပါတယ်” ဟု ပြောသည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်၍ လူသားချင်း စာနာထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား အပစ်အခတ်ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီဖြစ်သည်။
အပစ်ရပ်ထားစဉ်အတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ကြောင်း နိုင်ငံ ရေးသမားများက ပြောဆိုကြသည်။
ULA/AA ၏ စာရင်းအရ ရခိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ဩဂုတ်လအတွင်းက လွတ်ငြိမ်း ခွင့်ဖြင့် ၆၁ ဦး ထပ်မံလွတ်မြောက်လာသဖြင့် လက်ရှိဖမ်းဆီးခံထားရသူ ၁၄၂ ဦး ကျန်ရှိနေသေးကြောင်း တွေ့ရ သည်။
လက်ရှိဖမ်းဆီးခံထားရသူ ၁၄၂ ဦး ကျန်သေးသည် ဆိုသည့် အရေအတွက်မှာ ULA/AA က ထုတ်ပြန်ထားသည့် စာရင်းဖြစ်ရာ DMG က ကောက်ခံရရှိထားသည့် အရေအတွက်နှင့် အနည်းငယ် ကွဲလွှဲမှု ရှိနေသည်။







