ပုဏ္ဏားကျွန်းမှ ကျေးရွာအချို့တွင် အမည်မသိရောဂါဖြင့် ဝက်များ သေဆုံးမှုရှိနေ

ပုဏ္ဏားကျွန်းမှ ကျေးရွာအချို့တွင် အမည်မသိရောဂါဖြင့် ဝက်များ သေဆုံးမှုရှိနေ
ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ ဝက်မွေးမြူထားသည်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ ဝက်မွေးမြူထားသည်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အတွင်းက စပါးထား၊ ကွမ်းတောင်၊ အောင်ဇေယျ၊ ကံချောင်း၊ အောင်မြေကုန်း၊ ပဒေ သာ၊ ဆင်အင်းကြီး စသည့် ကျေးရွာများတွင် အမည်မသိရောဂါကြောင့် ဝက်များ သေဆုံးမှုရှိနေကြောင်း ဒေသခံ များက ပြောသည်။

ဝက်များမှာ ကိုယ်ပူခြင်း၊ အစားမစားခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်းများဖြစ်ပြီးနောက် သုံးရက်အတွင်း သေဆုံးသွားခြင်းဖြစ်ကာ ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ဝက်ကောင်ရေ ၂၀ ထက်မနည်း သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောသည်။

ကွမ်းတောင်ကျေးရွာမှ ကိုငြိမ်းစိုးက “ကျနော်တို့ အိမ်မှာ ဝက် ၁၁ ကောင်လောက် ဆုံးသွားပြီ။ ရွာထဲမှာလည်း အများကြီး သေသွားကြပြီ။ ဝက်တွေ က နေမကောင်း ဆက်တိုက်ဖြစ်ပြီး ဆက်တိုက်သေကြတာ။ ကူးစက်မှုက လည်း အရမ်းမြန်တယ်” ဟု ပြောသည်။

ကံချောင်းကျေးရွာတွင်လည်း မုန်တိုင်းအလွန် ဇွန်လမှစတင်ကာ ဝက်များသေဆုံးမှု တဖြည်းဖြည်း များပြားလာ နေသည်ဟု ကျေးရွာသားများက ပြောသည်။

“ကျမတို့မှာ ဝက်သုံးကောင် မွေးထားတာ။ သုံးကောင်လုံး ဆက်တိုက်သေသွားတယ်။ ရွာက ဆေးဆရာနဲ့ပြပြီး ကာကွယ်ဆေးထိုးရင်လည်း သေသွားတယ်။ ရွာမှာ ဝက်မွေးစားတဲ့ အိမ်တိုင်းလိုလို သေကြတယ်။ အခုက ရွာမှာ ဝက်တွေတောင် မရှိကြတော့ဘူး” ဟု ကံချောင်းကျေးရွာမှ ဒေါ်ခင်သန်းအေးက ပြောသည်။

ဝက်သေဆုံးမှုဖြစ်နေသည့် ကျေးရွာများတွင် ဝက်သားများအား မရောင်းရန်၊ မစားသုံးရန် တားမြစ်မှုများရှိပြီး ဒေသခံများမှာလည်း ဝက်သား ရောင်းချစားသုံးမှုများကို ရှောင်ရှားထားကြဟု ဆိုသည်။

ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦးကို ဆက်သွယ်မေးမြန်းရာ တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝက်သေဆုံးမှုများ ဖြစ်ပွားနေသည်ကို မသိရှိသေးကြောင်း ပြောသည်။

ရောဂါကြောင့် သေဆုံးသွားသည့် ဝက်များကို မြေမြုပ်ရန်လိုကြောင်း ၎င်းကဆက်ပြောသည်။

“ရောဂါဖြစ်ပြီးသား ဝက်တွေရဲ့ အသားတွေကို မစားတာ အကောင်းဆုံးပဲ။ ရောဂါဖြစ်သွားရင် ဝက်သားက အာ ဟာရဓာတ် ကျသွားပြီ။ ပြီးရင် ဒီရောဂါက ရိုးရိုးရောဂါဆိုရင် ဘာမှမဖြစ်ဘူး။ ကူးစက်တတ်တဲ့ရောဂါဆိုရင် တခြားအကောင်တွေကိုလည်း ကူးစက်နိုင်တယ်။ ရောဂါဖြစ်လို့ သေသွားတယ်ဆိုရင် မြုပ်လိုက်တာ အကောင်း ဆုံးပဲ” ဟု ဒေါက်တာဝင်းဦးက ပြောသည်။

သေဆုံးသွားသည့်ဝက်များကို အချို့က မြေမြုပ်ကြသော်လည်း အချို့က မြစ်၊ ချောင်းများအတွင်းသို့ စွန့်ပစ်မှုများ ရှိသဖြင့် ရောဂါပျံ့နှံ့ကူးစက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ ဒေါ်ဦးမြင့်ယီက “ကျေးရွာထဲမှာမွေးထားတဲ့ ဝက်တွေကို ရွာပြင်ကို ထုတ် ခိုင်းထားတယ်။ အခုရွာပြင်မှာပဲ ခြံခတ်ပြီး မွေးထားရတယ်။ ပြီးရင် ကျေးရွာထဲမှာ ဝက်သားလာရောင်းရင် တစ် ယောက်မှ ဝယ်မစားရဘူးလို့ ရွာသားတွေကို အုပ်ချုပ်ရေးမှူးကပြောထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအချို့တွင် အမည်မသိ ရောဂါကြောင့် ဝက်ပေါက်များမှစ၍ အသားစားအရွယ်အထိ ဝက်အကောင်ရေ ၁၀၀ ကျော်ခန့် သေဆုံးခဲ့သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...