ရခိုင်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်နေ

ရခိုင်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်နေ

ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းဧကပေါင်း ငါးသိန်းကျော် ရေနစ်မြုပ်နေ ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ဩဂုတ်လ ပထမအပတ်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကုလားတန်မြစ်ရေနှင့် လေးမြို့ မြစ် ရေ မြင့်တက်လာသဖြင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်နေသည်မှာ လေးရက်ခန့်ရှိလာပြီဟု လယ်သမားများက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက “မြောက်ပိုင်းနယ်မြေ တစ်ခုလုံးကတော့ မြေနိမ့်ပိုင်းက စပါးခင်းတွေက ရေအောက်ကို နစ်မြုပ်နေပါပြီ။ မြေ အမြင့်ပိုင်းတွေမှာရှိတဲ့ စိုက်ခင်းတွေလောက်ပဲ ရေအများကြီးမမြုပ်ဘဲ နည်းနည်းကျန်တော့တယ်” ဟု ပြောသည်။

ရေနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်းအချို့ ပျက်စီးမှုများရှိနေပြီး နောက်ထပ် သုံးရက်နီးပါးခန့် ရေနစ်မြုပ်နေပါက ပျိုးကြဲထားသော စပါးခင်းများနှင့် စိုက်ပျိုးထားဆဲ စပါးပင်များ ပျက်စီးသွားနိုင်ကြောင်း တောင်သူများက ပြော သည်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျွေးရွာမှ တောင်သူဦးမောင်နှောင်းက “အခုထိ ရေမကျသေးပါဘူး။ တချို့နေရာ တွေဆိုရင် လူအရပ်မြုပ်တဲ့အထိ၊ ရေက နည်းနည်းမှမကျသေးလို့ လယ်ကွင်းတွေကိုလည်း သွားကြည့်လို့ မရ ဘူး။ ရေကျသွားရင် စပါးပင်တွေ ဘယ်လိုကျန်ရစ်ခဲ့မလဲ ဆိုတာကိုပဲ စိုးရိမ်နေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မျိုး စပါးတင်းပေါင်း ၇၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လယ်ယာသုံး ကျွဲ၊ နွားများလည်း သေဆုံးခဲ့သည်။

တောင်သူများမှာ အခက်အခဲများကြားမှ စိုက်ပျိုးထားသည့်စပါးခင်းများ ယခုတဖန် ရေနစ်မြုပ်မှုဒဏ်ကို ကြုံနေ ရခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ဦးမောင်စောမြက “ရေပြန်ကျသွားလို့ စပါးပင်တွေ ပြန်ပေါ်ရင် တောင် ကောင်းကောင်းမွန်မွန်တွေ့ရဖို့ အခြေအနေမရှိဘူး။ ဆုံးရှုံးမှုအများဆုံးဖြစ်မယ့် အခြေအနေမှာပဲ ရှိပါ တယ်” ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ရာသီဥတုဖောက်ပြန်မှု၊ သွင်းအားစုစရိတ်ကြီးမြင့်မှု၊ ဓာတ်မြေဩဇာဈေးနှုန်း မြင့် တက်မှုတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (မြောက်ဦးတာဝန်ခံ) ဦးမောင်သိန်းလှက “လယ်သမားတွေက လယ်အကြောင်းဆို မကြားချင်လောက်အောင် စိတ်ညစ်နေကြပြီ။ မနှစ်ကဆို စပါးအထွက်နှုန်းက အလွန်တရာမှ ဆိုးဝါးတယ်။ ဒီနှစ်မှာလည်း အဲလိုမျိုး ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မယ် အခြေ အနေပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိသည်။ မြောက်ပိုင်းတွင် ဧက ၈ သိန်းကျော်နှင့် တောင်ပိုင်းတွင် ဧက ၄ သိန်းခန့်ရှိသော်လည်း ရာသီဥတုဖောက်ပြန်မှု၊ ကုန်ကျစရိတ်ကြီးမားအပြင် လယ်ယာသုံးပစ္စည်းများ ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် တောင်သူများမှာ လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပထွက်ခွာမှု အများအပြား ရှိနေသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...