ခမ်းပတ်မြို့ကဒေသခံတွေ စစ်ဘေးရှောင်နေတဲ့အချိန် နေအိမ်တချို့ မီးရှို့ခံရ

ခမ်းပတ်မြို့ကဒေသခံတွေ စစ်ဘေးရှောင်နေတဲ့အချိန် နေအိမ်တချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမ်းပတ်မြို့က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ် စစ်ဘေးရှောင်နေရချိန် နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့အချိန် ဒေသခံတွေရဲ့နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ထဲမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆောက်လက်စ အိမ်အပါ အဝင် လူနေအိမ်ပေါင်း (၁၅)လုံးထက်မနည်း မီးရှို့ခံရတယ်လို့ ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

“မြို့လုံးကျွတ်စစ်ဘေးရှောင်ပြီး နောက်နေ့လောက်ကစပြီး မီးရှို့သွားတာဖြစ်တယ်၊ အိမ်အားလုံးက (၁၅) အိမ်ကျော် (၁၆)အိမ်လောက်ရှိမယ်ပေါ့၊ အဲ့ဒီထဲမှာ အိမ်ကြီးအိမ်ကောင်းတွေများတယ်ပေါ့ နောက်ပြီးတော့ ဆောက်လက်စအိမ်တွေပါတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က စတင်ပြီး မြို့လုံးကျွတ် စစ်ဘေးရှောင်နေကြတဲ့အချိန် အမှတ် (၁) ရပ်ကွက်က ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခမ်းပတ်မြို့ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးတာခံရတဲ့ အိမ်တွေဟာ အမှတ်(၁) ရပ်ကွက်က နေအိမ်တွေဖြစ်ကြသလို ရဲစခန်းနဲ့ စစ်တပ်စခန်းတွေ တပ်စွဲထားတာလည်း အဲ့ဒီရပ်ကွက်မှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  ကြုံရာ အိမ်ကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ဆက်ပြောပါတယ်။

“ရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေမှာ ကြံ့ခိုင်ရေး ထောက်ခံတဲ့သူကော၊ NLDထောက်ခံတဲ့အိမ်တွေကောပါနေတဲ့အတွက် ဒီအတိုင်းကြုံရာကို မီးရှို့တာဖြစ်နိုင်တယ်၊ ရည်ရွယ်ချက်ရှိပြီးတော့ ရှို့တာတော့မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခမ်းပတ်ဒေသခံတွေမြို့လုံးကျွတ် စစ်ဘေးရှောင်နေကြတဲ့အချိန် ခမ်းပတ် မြို့ပေါ် က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အပြင် လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ယူသွားတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ခမ်းပတ်မြို့က ဒေသခံတွေကပြောပါတယ်။

မြို့ခံတစ်ယောက်က “အမှတ်(၁)ရပ်ကွက်ထဲမှ မဟုတ်ဘူး တစ်မြို့လုံးက အိမ်တိုင်းလိုလိုကို အိမ်ဖောက်ကြတာ ပေါ့၊ အဓိကကတော့ တန်ဖိုးကြီးပစ္စည်းတွေယူကြတာရှိတယ်၊ ဖုန်းဆိုင်က ဖုန်းတွေယူကြတာရှိတယ်၊ ပိုက်ဆံ တွေဘာတွေပေါ့ အကုန်ယူသွား ကြတယ်” လို့ ပြောပါတယ်။

ဩဂုတ်လ ၃ ရက်နေ့မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ခမ်းပတ် ခရစ်ယာန်များ အသင်း KCC ကြားဝင်ညှိနှိုင်းပေးပြီး သဘောတူညီမှုရရှိခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်ကို ပြန်နေနိုင်ပြီလို့ ဆိုကြပါတယ်။

ခမ်းပတ်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးတာ၊ စည်းစိမ်ဥစ္စာတွေ ဖောက်ထွင်းခံခဲ့ရတာအပြင် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် ဒေသခံပြည်သူလူထုအနေနဲ့ စီးပွား ရေး၊ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးနိုင်တာကြောင့် ပြည်သူလူထုအတွက် ထိခိုက်နစ်နာနိုင်တဲ့ စစ်ဆင်ရေး တွေ မလုပ်ဆောင်ကြဖို့ ဒေသခံတွေက လိုလားကြတယ်လို့ ဆိုပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...