သံချပ်ကာယာဉ် (၂) စီး ချေမှုန်းနိုင်ခဲ့သော CNDF ပူးပေါင်းတပ်ကို NUG က ကျပ်သိန်း ၄၀၀၀ ချီးမြှင့်

သံချပ်ကာယာဉ် (၂) စီး ချေမှုန်းနိုင်ခဲ့သော CNDF ပူးပေါင်းတပ်ကို NUG က ကျပ်သိန်း ၄၀၀၀ ချီးမြှင့်

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်ငွေသိန်း ၄၀၀၀ ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ဇူလိုင် ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ် ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ (CDFs) တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်သည်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အား လုံး အံ့ဩဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်” ဟု ပြောသည်။

နွေဦးတော်လှန်ရေး တလျှောက် ဇွဲသတ္တိရှိရှိနှင့် ပါဝင်ခဲ့ကြသည့် ချင်းအမျိုးသားများကို လေးစားဂုဏ်ပြုသည်ဟု NUG အစိုးရ တာဝန်ရှိသူများက ဆက်ပြောသည်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလိုကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီ လ က စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိ ရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီ၏ သံချပ်ကာယာဉ် (၂) စီးနှင့် ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက် သေဆုံးမှုများရှိခဲ့သည်ဟု ချင်းကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် သံချပ်ကာယာဉ် တစ်စီးကို သိန်း (၂၀၀၀) နှုန်းနှင့် သံချပ်ကာယာဉ် (၂) စီးအတွက် ကျပ်သိန်း (၄၀၀၀) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အရင်က ထုတ်ပြန်ထားသော ကြေညာချက်နှင့်အညီ ဂုဏ်ပြု ချီးမြင့်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၄ ရက်နေ့၊ (ယမန်နေ့) က လုပ်ခဲ့ကြသည့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီး၊ ဒုဝန်ကြီး နှင့်အတူ CNF/CNA-CDFs တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုမိုများပြားလာခြင်းတို့ကြောင့် ပြည်သူတွေ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာမြို့နယ်နှင့် တိုက်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိ သူများက ပြောသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၃ ဧပြီလအထိ ချင်းပြည်နယ်နှင့် ကလေးခရိုင်းအတွင်း စစ်ကောင်စီသည် လေ ကြောင်း တိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ပြီး ချင်းလူမျိုး ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ ချုပ်က ထုတ်ပြန်သည်။ ယင်းသေဆုံးသူများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးသာ ပါဝင်ပြီး ကျန် ၅၄ ဦး မှာ သာမန်အရပ်သားပြည်သူများ ဖြစ်ကြသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...