ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိတိမ်စွဲရောဂါ ဆေးကုသခွင့်ရ

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိတိမ်စွဲရောဂါ ဆေးကုသခွင့်ရ
ဝန်ကြီးချုပ်ဟောင်းဦးညီပုအား ၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် တွေ့ရစဉ်။
ဝန်ကြီးချုပ်ဟောင်းဦးညီပုအား ၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် တွေ့ရစဉ်။

စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ မျက်စိတိမ် စွဲရောဂါကို ဆေးကုသခွင့်ရရှိပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။  

ဦးညီပုကို စစ်တွေ အကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီး မေလ ၂၅ ရက်နှင့် ဇွန်လ ၁၆ ရက်က စစ်ကောင်စီအစီအစဉ်ဖြင့် တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံတွင် ခွဲစိတ်ကုသခဲ့ကြောင်း သမီး ဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောသည်။

“ဘယ်ဖက်မျက်လုံးကတော့ ရောဂါလွန်သွားတဲ့အတွက် ပုံမှန်အတိုင်းမကောင်းတော့ဘဲ အမြင်အာရုံတွေ ဝါးနေ သေးတယ်လို့ သိရတယ်။ ညာဘက်မျက်လုံးကတော့ ပုံမှန်အတိုင်း အကောင်းဖြစ်သွားပါတယ်။ ခွဲစိတ်ကုသခွင့် ပေးလိုက်တဲ့အတွက် စိတ်သက်သာရာတော့ ရသွားတယ်” ဟု သူက ပြောသည်။

မူလက ဦးညီပုမှာ ဘယ်ဘက်မျက်စိသာ တိမ်ရောဂါစွဲကပ်နေခြင်းဖြစ်ပြီး အချိန်မီဆေးကုသခွင့် မရရှိသဖြင့် ညာဘက်မျက်စိသို့ ကူးစက်ကာ တစ်စုံလုံးကို ခွဲစိတ်ကုသလိုက်ရခြင်းဖြစ်ကြောင်း ဒေါ်ကြည်ကြည်ဦးက ဆက် ပြောသည်။

ဦးညီပုမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခဲ့ ထားရသည်။ အကျဉ်းချခံနေရချိန်တွင် မျက်စိတိမ်စွဲရောဂါအခြေအနေ ဆိုးရွားလာသဖြင့် မိသားစုဝင်များက ဆေးကုသခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် ၆ လခန့်အကြာတွင် ယခုကဲ့သို့ ဆေးကုသခွင့် ရရှိခဲ့ခြင်း ဖြစ် သည်။

“တခြား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေကိုလည်း ကျန်းမာရေးစောက်ရှောက်မှုတွေ ပြုလုပ်ပေးစေချင် တယ်” ဟု ဒေါ်ကြည်ကြည်ဦးက ပြောသည်။

 

ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိခဲ့ဘဲ ယခု မျက်စိကုသမှုခံယူချိန်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရရှိခဲ့သည်။ ဆေးကုမှုခံယူပြီးနောက် မည်သည့်အကျဉ်းထောင်တွင် ရှိသည်နေကို မသိရှိရကြောင်း မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်တွင် နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသူနှင့် ကာလရှည်ကြာ အကျဉ်းကျနေသူ အများအပြားမှာ ကျန်းမာရေးမကောင်း ဖြစ်နေသည့်အတွက် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည်။

မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ၏ စတီးလ်ရိုးသွင်းထားရသော ညာ ဖက်လက်မှာ အနာပြည်တည်ကာ ကျန်းမာရေးမကောင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။  

“မင်းပြားဆေးရုံမှာတော့ ဆေးကုသခွင့်ရတယ်။ ဒါပေမဲ့ အခြေအနေစိုးရိမ်တဲ့အတွက် စစ်တွေက အရိုး ပါရဂူ တွေနဲ့ တစ်ခေါက်လောက် ပြကြည့်ချင်တယ်။ အဲလိုဆေးကုခွင့်ရဖို့လည်း တင်ပြထားတယ်။ ခွင့်ပြုပေးတာမျိုး တော့ မရှိဘူး” ဟု ဦးအောင်ကျော်လှ၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

ဦးအောင်ကျော်လှမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခဲ့ရပြီး ရက္ခိုင့်တပ် တော် (AA)နှင့် ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် မတရားအသင်းဥပဒေပုဒ်မ ၁၇-၁၊၂ ဖြင့် တရားစွဲဆိုခံထားရသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန် တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ နိုင်ငံတော် ဆူပူ အောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ တို့ဖြင် တရားစွဲဆိုခံထားရသူ ၅၀ ဦးခန့်ရှိသည်။

အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်း အကျဉ်းကျနေစဉ်ကာလတွင် သင့်လျော် သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်ရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်း ထားသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း တရားစွဲဆိုခံထားရသူနှင့် အကျဉ်းကျနေသူများမှာ ထိုဥပဒေပါ ရပိုင်ခွင့်များကို ဆုံးရှုံးနေကြရသည်။

Most read this week

December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...