သထုံနှင့် ဘီးလင်းကြား တံတားဖောက်ခွဲခံရမှုအတွင်း တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သထုံနှင့် ဘီးလင်းကြား တံတားဖောက်ခွဲခံရမှုအတွင်း တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားသည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ကျုံအိတ်တံတား ဖောက်ခွဲခံရမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး ကျန်ဘက်ခြမ်းတွင် ယာဉ်တစ်စီး စာ ဖြတ်သန်းသွားလာနိုင်သည့် အနေအထားမျိုးသာ ကျန်ရှိတော့ကြောင်း ဆိုသည်။

တံတားဖောက်ခွဲခံရချိန်တွင် တံတားပေါ်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ် ၂ စီးလည်း တံတားနှင့်အတူ ချောင်းအတွင်းကျသွားပြီး ထိခိုက်ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက “ကားနှစ်စီးမှာ တစ်စီးကတော့ လုံးဝကို ခေါင်းကြေပြီး ပျက်စီးသွားတယ်။ ကားပေါ်မှာ အမျိုးသားတစ်ဦးက တော့ ဆုံးသွားတယ်။ တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်” ဟု ၎င်းက ပြောသည်။

တံတားဖောက်ခွဲမှုကြောင့် သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရရှိသူကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကျန်နေသည့် တံတားဘက်ခြမ်းတွင် ယာဥ်အသေးများနှင့် ဝန်အားနည်းသည့်ယာဥ်များ တစ်စီးချင်း ဖြတ်သန်းသွားလာနေရပြီး နှစ်ဖက် ယာဥ်ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“လောလောဆယ် တံတားပေါ်ကို ကားတစ်စီးပြီးမှ တစ်စီးပေးသွားနေတာမျိုးတွေ့ရတယ်။ နှစ်ဖက်သွား လာနေ တဲ့ ကားတွေအများကြီး ပိတ်ဆို့နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားဖောက်ခွဲခံရသည့်နေရာတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ ရောက်ရှိနေပြီး လမ်းကို လုံခြုံရေး တင်းကြပ်ထားသည့်အပြင် စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း၊ သက်ဆိုင်ရာကလည်း ယာဥ်များ ဖြတ် သန်းသွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားသည် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီလမ်းအတွက် အရေးပါ သည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျုံအိတ်တံတား ဖောက်ခွဲခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...