ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးရန် မကွေးနှင့် ပဲခူးတို့တွင် စစ်တပ် အင်အားအမြောက်အမြား ဖြည့်တင်း

ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးရန် မကွေးနှင့် ပဲခူးတို့တွင် စစ်တပ် အင်အားအမြောက်အမြား ဖြည့်တင်း
ဓာတ်ပုံ - (ပုံဟောင်း / Crd)
ဓာတ်ပုံ - (ပုံဟောင်း / Crd)

ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ပြည်မြို့ တို့တွင် စစ်အင်အားနှင့် စစ်ယာဉ်တန်းများ အမြောက်အမြား ထပ်မံ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းမှတဆင့် ရခိုင်ရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် စစ်အုပ်စုတပ်က အင်အား ၈၀၀ ကျော်ကို ဩဂုတ်လ ၂၂ ရက်တွင် ထပ်မံ ဖြည့်တင်းခဲ့သကဲ့သို့ ပဲခူးတိုင်း၊ ပြည်မြို့သို့လည်း စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော်မှာ ဩဂုတ်လ ၂၀ ရက်ကတည်းက ရောက်ရှိနေ ခြင်းဖြစ်သည်။

မင်းတုန်းဒေသခံ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက “အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်-မင်း တုန်း လမ်းပိုင်းထိ စစ်အင်အား ထောင်နီးပါးဖြည့်တယ်၊ အခုရက်ပိုင်း ယာဉ်တန်းတွေ မင်းတုန်းကိုရောက်တယ်။ ဒေသခံတွေကတော့ တော်တော်ခက်ခဲအုံးမယ်။ ရခိုင်ရိုးကိုတက်ဖို့ မင်းတုန်း အနောက်ခြမ်းကနေ ရိုးပေါ် စစ်ကြောင်း ထိုးမယ်လို့ သိရတယ်၊ အဲ့သတင်းကို တော်လှန်ရေး တပ်တွေလဲရထားတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် အောင်လံမြို့မှတဆင့် သရက်မြို့အခြေစိုက် အမှတ် (၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၂) သို့ ရေယာဉ်များဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ပြီး မင်းတုန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ် အစီး ၁၀၀ နီးပါးပါ ယာဉ်တန်းဖြင့် မင်းတုန်းမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ပြောင်း၊ ထန်းပင်ကုန်း၊ ဖြူကန်၊ ထိန်ကိုင်းနှင့် တမာ ကျေးရွာတို့၌ စစ်အုပ်စုတပ်က တပ်စွဲထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် ကား ၁၂၆ စီးပါ စစ်ယာဉ်တန်းမှာ ဩဂုတ်လ ၁၉ ရက်တွင် မိတ္ထီလာမြို့ဘက်မှ စတင် ထွက်ခွာလာခဲ့ပြီး ရှမ်းပြည်နယ်၊ ကလောမြို့အခြေစိုက် တပ်မ ၅၅ မှ တပ် များနှင့် ရဲတပ်ရင်းများ ပါဝင်ကြောင်း ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ပြည်မြို့ အနောက်ဘက်ရှိ ပန်းတောင်-ဥသျှစ်ပင်-တောင်ကုတ် လမ်းပိုင်းပေါ်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများက ဆိုသည်။

ပြည်မြို့မှ ဒေသခံ ကုန်သည် အမျိုးသားတစ်ဦးက “ဒီစစ်ကြောင်း ဧရာဝတီတိုင်းဘက်ကို ဆင်းရင် ပြည်-ဥသျှစ်ပင်-ကွင်းကောက်-ငသိုင်းချောင်း လမ်းပိုင်းအထိသွားမယ်၊ ပြည်မြို့ အနောက်ဘက်ကိုသွားရင် ပန်းတောင်-ဥသျှစ်ပင်-တောင်ကုတ် လမ်းပိုင်းပေါ်ရောက်မယ် ရခိုင်ကိုဦးတည်တယ်” ဟု ပြောသည်။

ပြည်မြို့နယ်နှင့် မင်းတုန်းမြို့နယ် အနောက်ဘက်တို့သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် တိုက်ရိုက် ထိစပ်နေသည့် နယ်မြေများ ဖြစ်ကြသည်။

ရခိုင်ပြည်၊ တောင်ကုတ်-အမ်း ဘက်သို့ သွားသည့် တောင်ကုတ်တောင်ကြားလမ်း၏ အဓိက ထွက်ပေါက်ဖြစ် သော ရိုးမတောင်ခြေ အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) က စစ်ရေးလှုပ်ရှားလျက်ရှိရာ စစ်အုပ်စုတပ် က ထိုနေရာများကို ဦးတည်၍ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်သည် ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးသည့် အင်အား ၁,၀၀၀ ဝန်းကျင်ဖြင့် ရခိုင်ရိုးမသို့ ဇွန်လဆန်းပိုင်းကတည်းက မကွေးနှင့် ပဲခူးဘက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်-မကွေး အစပ်၊ ရခိုင်-ပဲခူး အစပ်နှင့် ရခိုင်-ဧရာဝတီ အစပ်တို့ရှိ နေရာ ၅ ခုထက်မနည်း၌ အာရက္ခတပ်တော် (AA)၊ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ထားသည်။

Most read this week

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...
ဓါတ်ပုံ - KRCEE (ပုံဟောင်း)
August 25, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ်...