ပုဏ္ဏားကျွန်းတွင် ရှင်ပြုပွဲမဏ္ဍပ်အနီး ကျည်ဆံများ ကျရောက်၊ အလှူရှင် မိသားစုဝင်တစ်ဦး သေဆုံး

ပုဏ္ဏားကျွန်းတွင် ရှင်ပြုပွဲမဏ္ဍပ်အနီး ကျည်ဆံများ ကျရောက်၊ အလှူရှင် မိသားစုဝင်တစ်ဦး သေဆုံး

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ကျေးရွာရှိ ရှင်ပြုပွဲမဏ္ဍပ်အနီးသို့ မတ်လ ၁၈ ရက်နေ့၊ ညဉ့် ၁၂ နာရီကျော်ခန့်က ကျည်ဆံများ ကျရောက်လာသောကြောင့် အလှူရှင်မိသားစုဝင်တစ်ဦး သေဆုံးသွားကာ မောင်ရှင်လောင်းတစ်ဦးလည်း ခြေတွင် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရှင်ပြုမဏ္ဍပ်တွင် ညတရားဟောပြီး ခဏအကြာ မြစ်ကမ်းစပ်ဘက်က သေနတ်သံများထွက်ပေါ်လာသဖြင့် မဏ္ဍပ်အနီးရှိ စာသင်ကျောင်းတွင် အလှူရှင်မိသားစုဝင်များနှင့် တရားနာသူများ ပုန်းခိုခဲ့ကြသည်။

သို့သော် ယင်းနေရာသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် (၂၇) နှစ်အရွယ် ဒေါ်အေးမြစိုးမှာ နောက်ကျောကုန်းတွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်။

“လက်နက်ကြီး လက်နက်ငယ် တရစပ် ပစ်ခတ်ကြတယ်။ ပုန်းနေတဲ့ နေရာနားကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပါတယ်။ သူ့ဆီကို လက်နက်ငယ် ထိသွားတာလား၊ လက်နက်ကြီးအစ ထိသွားတာလားတော့ မသိတော့ဘူး။ တခါတည်း သတိလစ်ပြီး သေသွားတာပါ” ဟု သေဆုံးသူ၏ ခဲအိုဖြစ်သူ ဦးသာဇံအောင်က DMG သို့ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် မိသားစုရှင်ပြုပွဲရှိသည့်အတွက် ထိုင်းနိုင်ငံမှ လာရောက်ခြင်းဖြစ်ပြီး ရွာသို့ရောက်ရှိနေသည်မှာ (၃) ရက်သာ ရှိသေးသည်။ ၎င်းသည် အစ်မ၏သားတစ်ဦးအတွက် ပရိက္ခရာထမ်းရန် ရည်မှန်းထားသူလည်းဖြစ်သည်။

“အခုတော့ သူသေသွားတယ်။ ပွဲလည်း လူမရောက်ကြတော့ အကုန်လုံးငိုယိုပြီး စိတ်ဆင်းရဲရတယ်။ ကျနော်တို့ ယောက်ျားတွေတောင် ငိုမိတယ်။ ရင်ထဲမချိအောင် ခံစားရပါတယ်”ဟု မိသားစုဝင် ဦးထွန်းလှစိန်က ပြောသည်။

ကျေးရွာဓလေ့ ထုံးတမ်းစဉ်လာအရ နာရေးနှင့် အလှူ မထားသင့်သောကြောင့် ဒေါ်အေးမြစိုး၏ ရုပ်အလောင်းကို ညတွင်းချင်း သင်္ဂြိုဟ်ခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။ ရှင်ပြုပွဲကို မတ ၁၉ နံနက်ပိုင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။

၎င်းတို့ သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းမှာ ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် တပ်မတော် ရေယာဉ်မှ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် မိသားစုဝင် ဦးသာဇံအောင်က ပြောသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ကို ရရှိရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဦးခင်မောင်လတ်က “အာဏာပိုင်တွေကလည်း ပြည်သူလူထုကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ထိခိုက်မှုတွေ မလုပ်သင့်ပါဘူး။ ဖြစ်ရင်လည်း အချင်းချင်းတိုက်ကြပါ”ဟု ပြောသည်။

ထို့ပြင် ယင်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး နွား(၃)ကောင်သေဆုံး သွားကာ နွာ(၁၀)ကောင် ဒဏ်ရာရရှိသွားပြီး ဝက်တစ်ကောင်လည်း သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ဆံထိမှန် မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင်းအရပ်သား (၁၃၀)ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)ထံက သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...