နတ်တောင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ

နတ်တောင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက နတ်တောင်စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

စစ်ဘေးရှောင် အိမ်ထောင်စု (၈၀)ခန့်က ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ သုံးလခန့်ရှိပြီလို့ ဆိုပါတယ်။

“ကျမတို့ စစ်ရှောင်စခန်းက ဆန်တွေ ပြတ်လပ်နေတာ (၃) လ လောက်ရှိပြီ။ အခု လက်ရှိ အိမ်ထောင်စု (၁၀၆) စုမှာ အိမ်ထောင်စု (၈၀) လောက်က ဆန်ပြတ်နေကြတယ်။ အရေးပေါ် ဆန်သွားသွားထုတ်နေရတဲ့ မိသားစုတွေက တစ်ပတ်မှာ တစ်ခါပဲ ဖွင့်တာပေါ့။ ၅ စုကနေ ၁၀ ကြားလောက် ထောက်ခံစာ လာယူကြတယ်။”လို့ နတ်တောင် စစ်ရှောင်စခန်းရဲ့ တာဝန်ခံတစ်ဦးက အခုလို ပြောပါတယ်။

အိမ်ထောင်စုတစ်စုကို အရေးပေါ် ဆန်ထုတ်ခွင့် သုံးကြိမ်သာ ရှိပေမယ့် သုံးကြိမ်ထက်မက အကူအညီတောင်းခံတဲ့ မိသားစုတွေ ရှိနေတာပါ။

စစ်ဘေးရှောင်အများစုက မိသားစု စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဝင်ငွေရ အလုပ်အကိုင် မရှိတာကြောင့် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် နီးစပ်ရာ ကျေးရွာခံ၊ ဆွေမျိုးထံကနေ ဆန်ကို ချေငှား စားသောက်ရတယ်လို့ ပြောပါတယ်။

အခုလို ဆန်ပြတ်လပ်မှုတွေရဲ့ စိန်ခေါ်မှုက ရေရှည်အတွက် စိုးရိမ်ပူပန်နေရပြီး တတ်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ အနေနဲ့ လာရောက် ကူညီပေးကြဖို့လည်း စစ်ရှောင်စခန်းရဲ့ တာဝန်ခံတစ်ဦးက အခုလို တောင်းဆိုထားပါတယ်။

“တတ်နိုင်တဲ့ အလှူရှင်တွေ ကျမတို့ နတ်တောင် စစ်ရှောင်စခန်းကို လာရောက်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ အဓိက အရေးပေါ် လိုအပ်နေတာက ဆန်၊ ဆီ၊ ဆား ဖြစ်တယ်"လို့ သူက ပြောပါတယ်။

နတ်တောင် စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတာ နှစ်နှစ် နီးပါး ရှိပြီး အိမ်ခြေ (၁၀၆) အိမ်နဲ့ လူဦးရေ (၄၂၈) ဦး ရှိပါတယ်။ ဆန်ပြတ်လပ်မှုနဲ့ မကြာခဏ ကြုံတွေ့ရတာကြောင့် အိမ်ထောင်စု ၃၀ ဝန်းကျင်ဟာ အလှူရှင်တွေ ပိုမိုရောက်ရှိနိုင်မယ်လို့ ယူဆရတဲ့ နေရာတွေမှာ ပြောင်းရွေ့တာရှိတယ်လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ထံကနေ သိရပါတယ်။

June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...
June 8, 2026
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းကျောင်းသားတဦးဖြစ်ခဲ့တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ ကိုဗစ် ကပ်ရောဂါနဲ့...