အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့် လူသတ်မှု များကဲ့သို့ ပြစ်မှုကြီးများကို ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက် အထူးတရားရုံး ဖွဲ့စည်းလိုက် ကြောင်း ULA အစိုးရက ပြောဆိုလိုက်သည်။
အဆိုပါ အထူးတရားရုံးကို ယခု ဩဂုတ်လမှ စတင်၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့်မှုနှင့် လူသတ်မှု ကျူးလွန်သူများအား ထိုက်တန်သည့် ပြစ်ဒဏ်များကို အမြန်ဆုံး ချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် လျော့ကျ ပပျောက်ရေးကို အထူးအလေးထား ဆောင်ရွက် နေကြောင်း ULA ပါတီ ဗဟိုရုံးမှ ဒေါ်လှမြခိုင်က အာရက္ခမင်းသမီးမီဒီယာနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြား ထားသည်။
“အာရက္ခတပ်တော်ရဲ့ တရားရေးဌာနအနေနဲ့ ကလေးတွေအပေါ် ကျူးလွန်နေတဲ့ ဘယ်ရာဇဝတ်မှုကိုမဆို အပြင်းထန်ဆုံး အရေးယူပေးရမယ်။ဒါမှလည်း နောက်ထပ် ပြစ်မှုတွေ ထပ်မဖြစ်လာအောင် တားဆီးနိုင်မယ်။ ကလေးတွေအတွက်က လုံခြုံတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းမှပဲ အနာဂတ်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုး ကောင်းမွန်မှာ ဖြစ်တာကြောင့် ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို အရေးတကြီး ကိုင်တွယ်ဖို့ လိုအပ်တယ်” ဟု ဒေါ်လှမြခိုင်က ပြောသည်။
သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ကျူးလွန်သူများကို အချိန်ကြန့်ကြာမှု မရှိဘဲ ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ရေး ကဏ္ဍနှစ်ရပ်ကို အဓိကထား ဆောင်ရွက်နေကြောင်း ULA က ဆိုသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများ၌ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်များ မြင့်တက်လာနေပြီး ထိရောက်သည့် အရေးယူမှုအပိုင်းတွင် အားနည်းချက်များ ရှိနေသေးသဖြင့် ULA တရားရေးဌာနအပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ဒေသခံများက ယခုကဲ့သို့ အထူးတရားရုံး ဖွဲ့စည်းလိုက်ခြင်းသည် ပြည်သူ စိတ်ဝင်စားသည့် အမှုများ၊ အမှုမှန် ပေါ်ပေါက်လိုသည့် အမှုများနှင့် တရားမျှတမှု ရရှိစေလိုသည့် အမှုများကို သီးသန့် အာရုံစိုက်၍ ဆောင်ရွက်လာ ခြင်းဟု ရှုမြင်ကြသည်။
“ဘယ်လောက်ပဲ အထူးတရားရုံးဖြစ်ပါစေ ပွင့်လင်းမြင်သာမှုမရှိရင် အလကားပါပဲ။ ပြည်သူတွေ အမြင်မှာ ပွင့် လင်းမြင်သာမှုရှိပြီး တရားဥပဒေအရ ပြစ်ဒဏ်တွေပေးနိုင်ရင် ပိုကောင်းမယ်။ ပြစ်ဒဏ်တစ်ခု ချမှတ်လိုက် ရင် ပြည်သူတွေက မေးခွန်းထုတ်စရာတွေ ကျန်ခဲ့တာမျိုးတွေ၊ သံသယဖြစ်စရာ အကြောင်းအရာတွေ ကျန်ခဲ့ရင် တော့ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ရင်လည်း အလကားပါပဲ။ ဒါကြောင့် တရားရေးပိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တရားမျှတစွာ စီရင်ပေးနိုင်ရင် ပိုပြီးအကောင်းဆုံးဖြစ်မှာပါ” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမ်းဒေသခံတစ်ဦးက ပြောသည်။
အခြားတစ်ဖက်တွင်လည်း ULA အနေဖြင့် အဓမ္မပြုကျင့်ခံရမှုများ လျော့နည်းလာစေရန်အတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ချခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဥပဒေရေးရာ အသိပညာပေးသင် တန်းများ ပို့ချခြင်းတို့ကို လုပ်ဆောင်နေသော်လည်း အမှုဖြစ်စဉ်များ ထူပြောနေခြင်းမှာ တရားရေးဌာန၏ တုံ့ပြန်မှုဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်သည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက “ULA/AA က အသိပညာ သင် တန်းပို့ချတာ တစ်ခုတည်းမဟုတ်ဘဲ ပြစ်မှုကျုးလွန်သူတွေကို သေချာစုံစမ်းပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ် တွေ ချမှတ်ပေးသင့်တယ်။အခုက ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်ရေးအပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ မုဒိမ်းမှုထဲမှာဆိုရင် သက်ငယ်မုဒိမ်းမှုဟာ တအားကို ပြစ်မှုကြီးတယ်။ ဒါကြောင့် ULA ရဲ့ တရားရေးဌာနက အမှုတွေကို အချိန်မဆိုင်းတွဘဲ တရားမျှတမှု ရရှိအောင် ဖော်ထုတ်သင့်တယ်” ဟု ထောက် ပြသည်။
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်လာခြင်း၊ နေရပ်စွန့်ခွာရသူ ဦးရေ တိုးလာခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းလာခြင်း၊ အခြေခံ ပြည်သူ့ဝန်ဆောင်မှုနှင့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ ပြတ်တောက်လာ ခြင်းတို့ကြောင့် အမျိုးသမီးများ၏ လုံခြုံရေး အန္တရာယ် ပိုမိုမြင့်တက်လာနေကြောင်း အမျိုးသမီးရေး ဆောင်ရွက် နေသူများက သုံးသပ်ကြသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အရေးယူမှု အားနည်းရခြင်း၏ အဓိက အကြောင်းအရင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ဆက်လက် ရှိနေခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသမီး များ အဖွဲ့ချုပ် (မြန်မာ) တွဲဖက် အထွေထွေအတွင်းရေးမှူး ခမ်းမိုင်က DMG နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားထားသည်။
“အရေးကြီးတာက ဒီလိုအခြေအနေတွေမှာ ဘယ်သူက ကျူးလွန်သည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဟာ လူ့အခွင့်အရေးကို အလွန်ပြင်းထန်စွာ ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပြီး လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ အဲဒီ အတွက် ကျူးလွန်သူတိုင်း တာဝန်ခံမှုရှိဖို့ လိုပါတယ်။လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပေါ် လုံးဝ သည်းခံ ခွင့်မရှိတဲ့ (Zero Tolerance) မူဝါဒကို ကျင့်သုံးရပါမယ်” ဟု ခမ်းမိုင်က ပြောသည်။
ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်လာနေသဖြင့် တာဝန်ရှိသူများ အနေဖြင့် အဆိုပါ ကိစ္စရပ်များကို လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကျူးလွန်သူများကို တာဝန်ခံမှု ရှိစေခြင်းနှင့် အသက်ရှင်ကျန်ရစ်သူများကို ဗဟိုပြုသည့် တုံ့ပြန်ဆောင်ရွက်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက တိုက်တွန်းထားကြသည်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း ယခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုနှင့် သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် ၁၃ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာ ဖြစ်စဉ်မှာ ULA တရားရေးဌာနမှ ပထမဆုံးအကြိမ် အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခဲ့သည့် အမှု ဖြစ်သည်။
ဓာတ်ပုံ - DMG







