စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ Royal စားသောက်ဆိုင်အတွင်း အောက်တိုဘာ ၂ဝ ရက်နေ့ညက အရပ်သားအချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်က သွားရောက်ရှာဖွေရာ သေနတ်များနှင့် ကျည်ဆံများကို ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“တရားခံကတော့ လောလောဆယ် အေးကိုရယ်၊ နောက် အမည်မသိ နှစ်ယောက်ကိုတော့ ကျွန်တော်တို့က စစ်ဆေးတုန်းပေါ့။ အေးကိုကတော့ ဝန်ခံပြီးသား။ သူ ပစ်တယ်လို့။ သူတို့ကို စစ်ဆေးပြီးတော့ အမှုပေါ်ပေါက်ရင် ကျွန်တော်တို့က တရားစွဲမှာပေါ့”ဟု စစ်တွေမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်ထွန်းက နိရဥ္စရာသို့ပြောသည်။
ဖမ်းမိသည့်လက်နက်များမှာ အမေရိကန်နိုင်ငံထုတ် (သေနတ်နံပါတ်ဖျက်ထားသည့်) ပစ္စတိုတစ်လက်၊ ကျည် (၈)တောင့်၊ ကျည်ကဒ် (၁)ခု၊ ၉ မမ ကျည်ခွံ (၁)ခုနှင့် ၉ မမ ကျည် (၁)တောင့်၊ အရိုးအသွား အရှည် ၂ ပေ ၅ လက်မရှိ ဓား (၁)ချောင်း၊ ၂ ပေ ၅ လက်မရှိ ဓား (၁)ချောင်း၊ ၁၂ လက်မ အရှည်ရှိ ဓားဦးချွန် (၂)ချောင်း၊ သံကိုယ်ထည်ဖြင့်ပြုလုပ်ပြီး ဘော့စေ့ထည့်၍ပစ်ခတ်ရသော ပစ္စတိုသေနတ်အတု (၁)လက်နှင့် သေနတ်အိတ်(၁)ခုတို့ကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါလက်နက်များမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ပန်းသတင်းစားသောက်ဆိုင်မှ အေးကို (၃၇ နှစ်)၏ လက်နက်များဖြစ်ကြောင်းလည်း ရဲကအတည်ပြုသည်။







