ဟားခါးမြို့ Agape ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဟားခါးမြို့ Agape ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ချင်းပြည်နယ်၊ ဟားခါးမြို့ Agape ဆေးရုံက ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဝင် ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်နေ့၊ ညသန်းခေါင်ယံအချိန်တွင် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို စီးနင်းဝင်ရောက်ကာ ဆရာဝန် Sicilia, သူနာပြု Henny, Sianlun, Hniang Sung နှင့် J Mawi တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဟားခါးဒေသခံတစ်ဦးက “အခု Agape ဆေးရုံက ဆရာမတွေကို ညကြီးမှာသွားဖမ်းတယ်၊ စစ်သားတွေကတော့ ညမှာပဲ လှုပ်ရှားကြတာများ တယ်လေ။ အကြောင်းအရင်းတော့ သေချာ မသိဘူးပေါနော်။ ဒါပေမယ့် လူငယ် တွေ ဖမ်းထားတဲ့ ရုံးဘက်လူကြီးတွေနဲ့ လဲချင်လို့ ဖြစ်မှာပေါ့။ အရင်ကလည်း အဲလိုပဲလုပ်ခဲ့တာဆိုတော့လေ” ဟု ပြောသည်။

ဟားခါးမြို့ Agape ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းမှာ ဓါးစာခံ အဖြစ် ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း၊ စစ်တပ်ဘက်မှ လူများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်က ဖမ်းဆီးထားသည်နှင့် ပတ်သက်၍ လူလဲရန် ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆို သည်။

လက်ရှိတွင် Agape ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦး၊ စုစုပေါင်း ၅ ဦးကို ဟားခါးမြို့ရဲစခန်းတွင် ထိန်း သိမ်းထားကြောင်း သတင်းရထားသည်ဟု နီးစပ်သူအချို့က ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း Agape ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံဆရာဝန် ၂ ဦး အပါအဝင် လူ ၃ ဦးကို စစ်ကောင်စီတပ်က ၎င်းတို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလ လယ်ပိုင်းတွင် ဒေသခံ ကာကွယ်ရေးတပ်ဘက်မှ ထိန်းသိမ်းထားသည့် ဌာနဆိုင်ရာ အရာရှိများနှင့် လဲလှယ်ပြီး ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဟားခါးဒေသခံများက ပြောသည်။

အလားတူ မေလ ၂၁ ရက်နေ့ ညကလည်း ဟားခါးမြို့ပေါ်ရပ်ကွက် အချိူ့ကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းများ စစ်ဆေးရာတွင် ပြည်သူအယောက် ၂၀ ခန့်ဖမ်းဆီးကို သွားသည်ဟု ဖြစ်စဉ်ကို သိသည့် ဒေသခံများက ပြော သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...