စစ်တွေရှု့ခင်းသာလမ်းတွင် သောက်စားမူးယစ်သူ ၄၂ ဦးကို ဖမ်းဆီး တရားစွဲဆို

စစ်တွေရှု့ခင်းသာလမ်းတွင် သောက်စားမူးယစ်သူ ၄၂ ဦးကို ဖမ်းဆီး တရားစွဲဆို
by -
နိရဥ္စရာ
(ဓာတ်ပုံ- ဖေ့စ်ဘုတ်)
(ဓာတ်ပုံ- ဖေ့စ်ဘုတ်)
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း (ရှု့ခင်းသာလမ်း) တစ်လျှောက်တွင် ၀ုိင်းဖွဲ့အရက် မူးယစ်သောက်စားသူ ၄၂ ဦးကို ဖမ်းဆီးတရားစွဲဆိုပြီး ဒဏ်ငွေ ရိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက “ စစ်တွေမြို့ သန့်ရှင်း သာယာလှပရေး၊ ဒုစရိုက်မှု ကင်းစင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကမ်းနားလမ်း တစ်လျှောက်မှာ စုဖွဲ့ အရက်မသောက်ဖို့ တားမြစ်ထားပါတယ်။ ဒါတွေကို သိရှိအောင်လည်း အသံချဲ့စက်နဲ့ ကြေညာပြီးပါပြီ။ ဒါတွေကို မလိုက်နာတဲ့ အတွက် ဖမ်းဆီးအရေးယူရတာဖြစ်ပါတယ်” ဟု ပြည်နယ် ရဲမှူးကြီးက ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာ ၁၇ ရက်နေ့ တစ်ကြိမ် ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့ပြီး ချုပ်နှောင်မှု မလုပ်ဘဲ တရားရုံးတွင် ပုဒ်မ ၁၈၈ ဖြင့် လူပေါင်း ၄၂ ဦးကို အမှု ၁၄ ခုဖြင့် တရားစွဲဆိုကာ ဒဏ်ငွေ ၂ သောင်းစီ ရိုက်ပြီး ပြန်လည်လွတ်ပေးခဲ့သည်ဟု ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

“ အခုလို စစ်တွေမြို့ ကမ်းနားလမ်းမှာ အရက်သေစာ စုဖွဲ့ မူးယစ်သောက်စား တာကို မြို့လူထုကနေ မလိုလားဘူး။ ခိုက်ရန် ဖြစ်ပွားတာတို့၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နောက်တာ ပြောင်တာတို့၊ အမျိုးသမီးတွေအတွက် အနှောင့်အယှက် ဖြစ်တာတို့လည်း ဖြစ်ပေါ်နေတဲ့ အတွက် ဧည့်သည်တွေ သွားလာမှုတွေ အများအပြား ရှိနေတဲ့ စစ်တွေမြို့ရဲ့ ဂုဏ်သိက္ခာကျဆင်းစေပါတယ်။ ဒါတွေကို နောက်နောင် မလုပ်ဆောင်ရန်အောင် ပညာပေးတဲ့ အနေနဲ့ ဆောင်ရွက်တာပါ။ နောက်နောင်ဆက်လုပ်ရင်တော့ ဒီထက် ကြီးလေးတဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်” ဟု ပြောကြားသည်။

အများပြည်သူများအနေဖြင့်လည်း စစ်တွေမြို့ သန်းရှင်းသာယာလှပရေးနှင့် မလိုလားအပ်သည့် ဒုစရိုက်လုပ်ငန်းများ မပေါ်ပေါက်ရေး အတွက် ၀ိုင်းဝန်း ကူညီပေးစေလိုသည်ဟုလည်း ရဲမှူးကြီးက ပြောကြားသည်။

စစ်တွေမြို့ ကမ်းနားလမ်း (ရှု့ခင်းသာ)လမ်းသည် စစ်တွေမြို့သူ မြို့သားများ အပန်းဖြေ အနားယူရာ လမ်းတစ်ခု ဖြစ်ပြီး ကုလားတန်မြစ်ကမ်း ခြေတစ်လျှောက်ကို ကပ်ပြီး ပွိုင့်ထိ ဖောက်လုပ်ထားသဖြင့် စစ်တွေမြို့တွင် သာယာလှပဆုံး နှင့် အပန်းဖြေသူများဖြင့် စည်ကားနေသည့် လမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...