ဖလမ်းနှင့် ဟားခါးကြားတွင် ဆိုင်ကယ်ဖြင့်ခရီးသွားသည့် ပြည်သူ ၂ ဦး ပျောက်ဆုံးနေ

ဖလမ်းနှင့် ဟားခါးကြားတွင် ဆိုင်ကယ်ဖြင့်ခရီးသွားသည့် ပြည်သူ ၂ ဦး ပျောက်ဆုံးနေ

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြသည့် တီးတိန်မြို့ပေါ်က ဒေသခံပြည်သူ ၂ ဦး သည် ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရသည်မှာ ၁၀ ကျော်ရှိသွားပြီ ဟု ပြောသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးဖြစ်သူ လျားကျင်းဟောက်ဝုန် အသက် ၃၇ နှစ်နှင့် ဟားခါးမြို့နေ ဦးလျန်းဇထွန်း ၃၂ နှစ် တို့သည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက် မေလ ၂ ရက်နေ့က ဖလမ်းမြို့မှ ဆိုင်ကယ် တစ်စီးဖြင့် ဟား ခါးမြို့သို့ သွားရင်း ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ၎င်းတိုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“အခုသူတို့နဲ့ အဆက်အသွယ်မရတာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပြီ။ သူမက passport သက်တမ်းတိုးဖို့ သွားတာပေါ့ နော်။ သူတို့နဲ့အတူရှေ့ကသွားတဲ့ သူတွေကတော့ ဟားခါးရောက်တယ်။ သူ့နဲ့ သူ့ကိုလိုက်ပို့ ပေးတဲ့သူတို့က လမ်း ပျောက်ကြတယ်လို့ ကြားတယ်။ စစ်သားတွေကို မေးတယ် မသိဘူးတဲ့။ ပြီးတော့ လူငယ်တွေကိုလဲမေးတယ် သူ တို့လည်း မသိဘူးလို့ပြောကြတယ်။ အခု ဘယ်လိုရှာရမလဲ မသိတော့ဘူး။ သေလားရှင်လားဆိုတာလဲ မသိရဘူး အရမ်းစိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

ဟားခါးမြို့ကို သွားသည့် မေလ ၂ ရက်နေ့ ညနေပိုင်းကစ၍ ယနေ့အချိန်ထိ အဆက်အသွယ်မရတော့ဘဲ ပျောက် ဆုံးနေသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းတို့နှင့်နီးစပ်သူက ဆက်ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က တလန်းရွန်းကျေးရွာသစ်အနီး လမ်းဘေးတစ်နေရာတွင် ၎င်းတို့၏ စာ ရွက် စာတမ်းနှင့် အဝတ်အစားများကို ခရီးသွားများက ကောက်ထားကြပြီး ဟားခါးမြို့ရှိ ၎င်းတို့နှင့် နီးစပ်သူများထံ ပေးအပ်ခဲ့ကြသည်ဟု ဆိုသည်။

ဖလမ်း-ဟားခါး ကားလမ်းမသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် တစ်လနီးပါးခန့် ဖြတ်သန်းသွားလာခွင့်မရှိခဲ့ပေ။

ယခုလက်ရှိတွင် လမ်းလွှဲမှသွားနေကြရပြီး ၎င်းတို့သည်လည်း လမ်းလွှဲမှ သွားရောက်စဉ် စစ်ကာင်စီ စခန်းချနေ ထိုင်သည့် အနီးတစ်ဝိုက်တွင် ပျောက်ဆုံးကြခြင်းဟုလည်း နီးစပ်သူများက ပြောသည်။

၂ နာရီကျော်ကျော်ခန့်သာ သွားရသည့် ဟားခါး-ဖလမ်းခရီးကို ယခုတွင် ဆိုင်ကယ်ဖြင့် သွားရောက်လိုပါက တစ်ဦးကို ကျပ်တစ်သိန်းမှ  တစ်သိန်းခွဲခန့် အကုန်အကျခံကာ သွားနေကြရသည်ဟု ဒေသခံများက ပြောသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...