ထိုင်းဘတ်ငွေဈေး ကျဆင်းမှုနှင့် ဝယ်လိုအား နည်းခြင်းကြောင့် ပြောင်းဈေးနှုန်းအေးစက်နေ

ထိုင်းဘတ်ငွေဈေး ကျဆင်းမှုနှင့် ဝယ်လိုအား နည်းခြင်းကြောင့် ပြောင်းဈေးနှုန်းအေးစက်နေ
The Myanmar Food Industry Guide
The Myanmar Food Industry Guide

လယ်ယာထွက်ကုန်တစ်ခုဖြစ်သော ပြောင်းဆန်တင်ပို့ရာသီဖြစ်သော်လည်း ထိုင်းဘတ်ငွေဈေး ကျဆင်းမှုနှင့် အတူ ဝယ်လိုအားနည်းသည့်အတွက် ပြည်တွင်းပြောင်းဈေးနှုန်းမှာ အေးစက်နေကြောင်း ကုန်သည်များက ပြော သည်။

သင်္ကြန်မတိုင်မီ ပြောင်းဆန် တစ်ပိဿာကို ငွေကျပ် ၁,၃၀၀ မှ ၁,၅၀၀ အထိရှိခဲ့ပြီး လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၁,၁၀၀ သာရှိသည်။ ဝယ်လိုအားလည်းနည်းနေသဖြင့် ပြောင်းဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်းနိုင် သည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။

“မြန်မာငွေစျေးက အရင် ထိုင်းတစ်ဘတ်ကို ၈၀ ရရာကနေ အခု ၇၂ ကျပ်ပဲ ရတော့တယ်။ ၈ ဘတ်လောက် စျေးကွာသွားတာကြောင့် ပြောင်းဈေးကျသွားရတာ။ ပြောင်းဈေးကတော့ တက်ဖို့မမြင်သေးပါဘူး” ဟု ရှမ်း ပြည်နယ်၊ လားရှိုးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံထွက် ပြောင်းဆန်များကို ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိသည်။

ပြောင်းဈေး ကျဆင်းလာခြင်းမှာ ကုန်သွယ်ရေးမူဝါဒသစ်နှင့်လည်း သက်ဆိုင်မှုရှိကြောင်း ကုန်သည်များက ဆို သည်။

လားရှိုးမြို့မှ နောက်ထပ်ကုန်သည်တစ်ဦးက “ရန်ကုန်ဆိပ်ကမ်းက တင်ပို့ရောင်းချမယ်ဆိုရင်လည်း ကုမ္ပဏီတွေ ကပဲ တင်လို့ရတယ်။ ကုမ္မဏီတွေက တန် ၅၀၀ ကစပြီး တင်ပို့ရောင်းချကြတယ်။ ရန်ကုန်ဘက်လာတဲ့ ပြောင်း တွေက ကုမ္ပဏီရှိမှပဲ ရောင်းချလို့ရတယ်။ သာမန်ကုန်သည် ပွဲစားတွေကတော့ မြဝတီကိုပဲ တိုက်ရိုက်တင်ပို့ကြ တယ်။ စျေးကလည်း ကွာတယ်” ဟု ပြောသည်။

ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်တန်ချိန် ပမာဏ ၁,၀၀၀ ကို ယခုနှစ် ဖေဖော်ဝါရီလကစ၍ စမ်းသပ်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ လက်ရှိ ပြောင်းဈေးကွက်မှာ အနည်းငယ်အေးစက်နေသော်လည်း ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြောင်းတန်ချိန် ၄ ဒသမ ၄ သန်း တင်ပို့နေကြောင်းဆိုသည်။

ရခိုင်ပြည်တွင် စိုက်ပျိုးဧကများစွာရှိသော်လည်း ဓာတ်မြေဩဇာဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် အလုပ်သမားခ စသည့် သွင်းအားစုစရိတ်ကြီးမားခြင်းတို့ကြောင်း ပြောင်းစိုက်သူနည်းပါးသည်။

ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးအနည်းငယ် ဈေးကောင်းရသော်လည်း ကုန်ကျစရိတ် ကြီးမားသည့် အတွက် ချဲ့ထွင်မစိုက်ပျိုးနိုင်ကြောင်း မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာမှ ဒေါ်သန်းသန်းမြင့်က ပြောသည်။

“ကျမတို့က ပြောင်းချိုတို့ ထောပတ်ပြောင်းတို့ကို စိုက်ပျိုးတာ၊ အဲဒီပြောင်းက စျေးကောင်းရတယ်။ အဖူး ၁၀၀ ကို နှစ်သောင်းရှိတယ်။ ကျမတို့က ပြောင်းတွေကို မိုးအကုန်ဆောင်းအကူးတစ်ရာသီပဲ စိုက်နိုင်တယ်။ တခြားရာသီမှာ စိုက်ပျိုးမယ်ဆိုလည်း  အရင်းငွေအရမ်းများတဲ့အတွက် မစိုက်ကြဘူး” ဟု ၎င်းကပြောသည်။

ပြောင်းကို ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် စိုက်ပျိုး ကြပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြ သည်။

အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ နွေပြောင်းအဖြစ် စိုက်ပျိုးကြပြီး မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် မိုးပြောင်းအဖြစ် ပြောင်းလဲစိုက်ပျိုးကြသည်။

Most read this week

December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...
December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...