နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်က သောင်တူးနေခြင်းကို မြန်မာကန့်ကွက်မှု အရာမထင်

နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်က သောင်တူးနေခြင်းကို မြန်မာကန့်ကွက်မှု အရာမထင်
နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်က သောင်တူးနေခြင်းကို ရခိုင်နေ့စဉ်မှ ထုတ်ပြန်ထားသော ဓာတ်ပုံ။
နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်က သောင်တူးနေခြင်းကို ရခိုင်နေ့စဉ်မှ ထုတ်ပြန်ထားသော ဓာတ်ပုံ။

နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သောင်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မြန်မာဘက်မှ ကန့်ကွက်မှုရှိသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လိုက်နာမှုမရှိကြောင်း သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် Shahparirdwip လှေဆိပ်အနီး နစ်မြစ်ဝတွင် တိုင်းတာရေး Survey လုပ်ငန်းဆောင်ရွက်မည့် သောင်တူးသင်္ဘော (Cutting Suction Dredger-CSD) ၁ စီးနှင့် တွဲ/ဆွဲရေယာဉ် ၁ စီးတို့ဖြင့် သောင်တူးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နစ်မြစ်ဝတွင် သောင်တူးခြင်းလုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆောင်ရွက်ခဲ့မှုကြောင့် နှစ်နိုင်ငံသဘောတူညီချက်ပါ “သောင်တူးခြင်းမပြုလုပ်ရ” အချက်အရ မြန်မာဘက်မှ ၂၀၂၂၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အသိပေးကန့်ကွက်ပေးပို့ခဲ့ပြီး၊ ယခုလုပ်ရပ်အတွက်လည်း ဆက်လက် အသိပေးကန့်ကွက်ရန်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ သောင်တူခြင်းလုပ်ဆောင်နေခြင်းမှာ ထွက်ရှိလာသည့် သဲ/ နုန်းများကို ရှင်မဖြူပွိုင့်အနီးတွင် မြေဖို့ခြင်းလုပ်ငန်းလုပ်ဆောင်၍ စီးပွားရေးဇုန်တိုးချဲ့တည်ဆောက်ရန် ရည်ရွယ်ကြောင်း မြန်မာဘက်မှ စွပ်စွဲထားသည်။

နတ်မြစ်ဝအတွင်း သောင်တူးခြင်းများ အမှန်တကယ်ရှိပါက သဘာဝဘေးအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သောကြောင့် ရပ်တန့်နိုင်ရေးအတွက် လုပ်ဆောင်ဖို့လိုအပ်ကြောင်း မောင်တောဒေသခံများက ပြောဆိုကြသည်။

“သောင်တူးတာရဲ့အကျိုးဆက်က အနီးတဝိုက်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက် အများကြီး ထိခိုက်ဆုံးရှုံးစေမယ်။ သဘာဝပတ်ဝန်းကျင်ပိုင်းက ကြည့်မယ်ဆိုရင် ဒီရေတောတွေလည်း ရေတိုက်စားမှုဒဏ်ကြောင့် အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် မုန်တိုင်းဝင်လာရင်တောင် အကာအကွယ်ဖြစ်နိုင်မှာ မဟုတ်တော့ဘူး”ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

မြန်မာဘက်မှ ကန့်ကွက်အသိပေးထားသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက မသိကျိုးကျွံပြုပြီး လုပ်ဆောင်နေခြင်းမှာ မဖြစ်သင့်ကြောင်း မောင်တောမြို့မှ တက်ကြွလှုပ်ရှားသူ ကိုသန်းကျော်ထူးက ဆိုသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်က နစ်မြစ်ဝတွင် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအပေါ် ကန့်ကွက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့ရာ သူ့အနေဖြင့်မသိသေးကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင်လည်း မအားသေးကြောင်း သူ၏ကိုယ်ရေးအရာရှိက ပြန်လည်ဖြေကြားသည်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကလည်း နတ်မြစ်ဝတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ သောင်တူးနေမှုအကြောင်းအရာနှင့်ပတ်သက်၍ သိထားခြင်းမရှိသေးဟု ဆိုသည်။

နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ၆၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး နတ်မြစ်၏ ပျမ်းမျှအကျယ်မှာ မီတာ ၁,၄၀၀ ရှိကြောင်း သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...