မန္တလေးသင်္ကြန်ရေကစားမဏ္ဍပ်များတွင် ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်းများ အလှည့်ကျရေကစားပေးရန် ဖိအားပေးခြင်းများရှိနေဟုဆို

မန္တလေးသင်္ကြန်ရေကစားမဏ္ဍပ်များတွင် ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်းများ အလှည့်ကျရေကစားပေးရန် ဖိအားပေးခြင်းများရှိနေဟုဆို

စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲ စည်ကားစေရန် ပုဂ္ဂလိကအလုပ်ရုံ ၀န်ထမ်းများကိုပါ အလှည့်ကျပါ၀င် ရေကစားကြရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

"စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို မဏ္ဍပ်တစ်ခု မဆောက်မနေရ ဆောက်ခိုင်းတယ်၊ အလုပ်ရုံတွေမှာ ၀န်ထမ်းအင်အားစာရင်း လိုက်ကောက်ပြီး အလှည့်ကျ ရေကစားခိုင်းထားတယ် ၊ တချို့နယ် ပြန်ချင်ပေမယ့်လည်း စာရင်းထဲပါလို့ မပြန်ရတာတွေရှိတယ်၊ သူတို့ဌာနဆိုင်ရာတွေနဲ့ မလုံလောက်လို့ ပုဂ္ဂလိက ၀န်ထမ်းတွေကိုပါ ချောဆွဲတဲ့သဘောပါပဲ" ဟု လုပ်ငန်းရှင်အသိုက်အ၀န်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယမန်နှစ် မန္တလေးသင်္ကြန်ပွဲ၌ ပြည်သူပါ၀င်ခြင်း မရှိခဲ့သဖြင့် ယခုနှစ်တွင် ပြည်သူများ ပူးပေါင်းပါ၀င်လာစေရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းနေသည်ကို တွေ့ရသည်။

"မနှစ်ကအတွေ့အကြုံကိုကြည့်ပြီး ဒီနှစ်အတွက် ဖိအားပေး ပြင်ဆင်လာတာ တွေ့ရတယ်၊ မနှစ်က တစ်မြို့လုံး ခြောက်ကပ်ခဲ့တယ်၊ ဒီနှစ်တော့ အထိုက်အလျောက်ထက်ကို ပိုပြီးစည်ကားလိမ့်မယ် ထင်တယ်၊ စီးပွားရေးသမားက ငြင်းမရတဲ့အခက်အခဲကြောင့် ၀င်ပါရပေမယ့် ပြည်သူက မပါ၀င်ချင်ရင် မပါ၀င်ဘဲနေနိုင်တာမို့လို့ ဒီတစ်နှစ် လည်း ထပ်ပြီးသီးခံသင့်တယ်" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မန္တလေးသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မတ်လကုန်ပိုင်းမှစ၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ လူထုပါ၀င်လာစေရန် ရည်ရွယ်ချက်ဖြင့် အနုပညာရှင်များဖြင့် စည်းရုံးနေသည်ကိုလည်း တွေ့ရသည်။

ပြည်သူအတွက် စစ်အာဏာရှင်ကို အသက်စွန့်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက စစ်ကောင်စီ၏ သင်္ကြန်ပွဲများတွင် ပြည်သူက မပူးပေါင်းမပါ၀င်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ကြရန် တိုက်တွန်းနှိုးဆော် ထားကြသည်။

"မပျော်ပါနဲ့ လို့လည်း မပြောချင်ပါဘူး၊ ပျော်တော့ပျော်ကြပါ တိုးတိုးတိတ်တိတ်ပျော်ပေးကြဖို့ပါ၊ လိုင်းပေါ် အတတ်နိုင်ဆုံးမတင်ပါနဲ့၊ တောထဲကရဲဘော်တွေ စိတ်ညစ်စေမဲ့ အရာများကို အတတ်နိုင်ဆုံး ရှောင်ပေးကြပါ" ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

မန္တလေးသင်္ကြန်ပွဲတွင် လမ်းလျှောက်သင်္ကြန် သုံးခုနှင့် ရေကစားမဏ္ဍပ်ပေါင်း ၃၀ ပါ၀င်မည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ယနေ့ရက်စွဲဖြင့်သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...