စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ရွှေကူမြို့နယ်ရှိ ကျေးရွာ ၃၇ ရွာက ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ရွှေကူမြို့နယ်ရှိ ကျေးရွာ ၃၇ ရွာက ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၃၇ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဧပြီလ (၅) ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ရွှေကူမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်ကြတဲ့ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ၊ မံဝိန်းကျေးရွာ၊ စီသာကျေးရွာ၊ စီသောင်ကျေးရွာအစရှိတဲ့ ကျေးရွာပေါင်း ၃၇ ရွာက ဒေသခံတွေ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စီသာကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ရွှေကူမြို့ပေါ်ကော တောဘက်တွေကော။ တောထဲ ကျေးရွာနံဘေးနား တောတွေဘက်တွေ တိမ်းရှောင်တာများတယ်” လို့ အထက်ပါစီသာကျေးရွာ ဒေသခံက ဆိုပါတယ်။

နှစ်ဖက်တပ်တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ နေ့လယ်ပိုင်း တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် နဲ့ ည (၆) နာရီခန့်လောက်ကတစ်ကြိမ် ပေါင်းသုံးကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲခဲ့တာကြောင့် ကျေးရွာတော်တော်များများ မီးလောင်ပြာကျသွားတယ်လို့လည်း စီသာကျေးရွာ ဒေသခံက ဆိုပါတယ်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်(ရွှေကူ)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကနေ စီသာကျေးရွာကို လက်နက်ကြီးပစ်ခတ်တာကြောင့် လူနေအိမ်တွေ မီးလောင်ခဲ့ပြီး တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပုံနဲ့တကွဖော်ပြထားပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးချိန်မှာလည်း ဒီကနေ့ ဧပြီလ ၆ ရက်နေ့ထိ နှစ်ဖက်တပ်ကြား ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ လက်နက်သံ၊ လေယာဉ်သံတွေ ကြားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ တစ်ရွာကို လူဦးရေ တစ်ထောင်ကျော်ရှိပြီးတော့ ၂၀၁၄ သန်းခေါင်းစာရင်းအရ ရွှေကူမြို့နယ်မှာ ကျေးရွာအုပ်စု ၃၀ ကျော်နဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပါတယ်။

ဓါတ်ပုံ- စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များမီးလာင်ပျက်စီးနေစဉ်

April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...