မွန်ပြည်နယ်ထွက် ဆောင်းသီးနှံများ ဈေးကောင်းရနေ

မွန်ပြည်နယ်ထွက် ဆောင်းသီးနှံများ ဈေးကောင်းရနေ

မွန်ပြည်နယ်ထွက် ဆောင်းသီးနှံများဖြစ်ကြသည့် ပဲတီစိမ်း (ရွှေဝါ၊ အသစ်)၊ ပဲတီစိမ်း (အသစ်) မတ်ပဲ၊ ပဲလွန်းဖြူ၊ ပဲပုပ်နှင့် ပြောင်း အစရှိသည့် သီးနှံများ ဈေးကောင်းရနေကြောင်း ပဲ၊ နှမ်းစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိ ပဲတီးစိမ်းတစ်တင်းလျှင် ၇၅၀၀၀ ကျပ်၊ မြေပဲ ပိဿာ ၂၀ ဝင် တစ်တင်းလျှင် ၁၃၀၀၀၀ ကျပ်ဝန်းကျင်ဈေးရနေကြောင်း ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပို့တွဲလကစပြီး သီးနှံတွေ ခူးဆွတ်နေတာပါ။ တစ်ဧကကို ပဲတင်း ၂၀ ကျော်ထွက်တယ်။ ဒီနှစ်က အထွက်နှုန်းတိုးတာရယ်၊ ဈေးကောင်းလည်းရတဲ့အတွက်ကြောင့် အရင်နှစ်ထက်စာရင် ပိုပြီး အဆင်ပြေတယ်လို့ပြောလို့ရပါတယ်” ဟု ဆိုသည်။

ယခုနှစ် ဆောင်းသီးနှံများဖြစ်ကြသည့် ပဲနှင့် မြေပဲများအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အများအပြားစိုက်ပျိုးခဲ့ကြပြီး သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် စိုက်ပျိုးမှုရှိခဲ့ကြောင်း သိရသည်။

“ဒီနှစ် ပဲတစ်ပိဿာဈေးနှုန်းက မနှစ်ကထက် ကျပ် ၁၀၀၀ ကျော်ပိုတယ်။ မနှစ်က ဥပမာ မတ်ပဲတစ်ပိဿာကို ၂၃၀၀ ကျပ်လောက်ပဲရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃၃၀၀ ကျပ်ဝန်းကျင်အထိ ဈေးရနေတယ်” ဟု မွန်ပြည်နယ် ပဲ၊ နှမ်းအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ပြောင်းဆန်ကိုလည်းစိုက်ပျိုးကြသူများရှိကြောင်းနှင့် ပြောင်းဆန်လည်း ဈေးကွက်တွင် ဈေးကောင်းရနေကြောင်းနှင့်  ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးကြသည့်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်မည်ဆိုပါက တွက်ခြေကိုက်ကြမည်ဟု ဆိုသည်။

“ပဲဈေးကောင်းတယ်ဆိုတာကလည်း နိုင်ငံခြားပို့ကုန်အဖြစ် ဈေးကွက်ရလို့ပါ။ မတ်ပဲကတော့ အိန္ဒိယဈေးကိုပဲသွားတယ်။ ပဲတီစိမ်း (ရွှေဝါ) ဆိုရင် တရုတ်ဈေးကွက်ကိုသွားတယ်။ နိုင်ငံခြားကို တင်ပို့ခွင့်ရနေတယ်ဆိုရင်တော့ ဈေးကောင်းရနေမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ဆောင်းသီးနှံများကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ အစရှိသောမြို့နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...