ရေးမြို့နယ် ကျောင်းရွာ-အိုင်ရှည် ချောင်းကူးတံတားဖျက်ဆီးခံရပြီး ဒေသတွင်း သွားလာရေးအခက်အခဲကြုံ

ရေးမြို့နယ် ကျောင်းရွာ-အိုင်ရှည် ချောင်းကူးတံတားဖျက်ဆီးခံရပြီး ဒေသတွင်း သွားလာရေးအခက်အခဲကြုံ
ဖျက်ဆီးခြင်းခံလိုက်ရသည့် ကျောင်းရွာချောင်းကူးတံတား (Credit: Men3)
ဖျက်ဆီးခြင်းခံလိုက်ရသည့် ကျောင်းရွာချောင်းကူးတံတား (Credit: Men3)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာနှင့် အိုင်ရှည်ကျေးရွာအကြားရှိ ချောင်းကူးဝါးတံတား ဖျက်ဆီးခံရပြီးနောက် ဒေသတွင်းက ကျေးရွာ ၈ ရွာထက်မနည်းက ပြည်သူများ သွားလာရေး အခက်အခဲကြုံတွေ့နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနောက်ဘက်တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကအရပ်သားကားတစ်စီးကို ရေးဘီလူးအဖွဲ့တို့က ပစ်ခတ်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပြီးနောက်ကျောင်းရွာကျေးရွာနှင့် စုံပဒေါက်ကျေးရွာလမ်းကို စစ်ကောင်စီတပ်တို့က ပိတ်ထားခဲ့သည့်အပြင် ကျောင်းရွာနှင့် အိုင်ရှည်ကျေးရွာချင်းဆက် ချောင်းကူးဝါးတံတားကိုလည်း ဖျက်ဆီးပစ်ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့သည်။

စစ်ဆေးမှုများပြီး ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေသည့် ရေးတံတားကြီးလမ်းကို မသွားရဲကြသည့်ဒေသခံပြည်သူတို့က ကျောင်းရွာနှင့် အိုင်ရှည်ကျေးရွာချင်းဆက် ချောင်းကူးဝါးတံတားကိုသာ အဓိက အသုံးပြုသွားလာနေကြရသည်ဟု ဒေသခံတို့က ပြောသည်။

“စုံပတောက်နဲ့ ကျောင်းရွာလမ်းလည်း ပိတ်ထားတယ်။ အဲဘက်ခြမ်းက တံတားလဲဖြိုလိုက်တယ်။ အခုလက်ရှိ လိပ်ပုတ်လမ်းနဲ့ ရေးလမ်းတစ်လမ်းပဲ ရှိတော့တယ်လေ သွားလာဖို့က၊ ရွာကလူတွေတော့ ဒုက္ခရောက်တာပေါ့။ ဆိုင်ကယ်မြုပ် ဘာမြုပ် တော်တော်ဒုက္ခရောက်ကြတယ်၊ ချောင်းကို ဖြတ်ကူးရတယ်ဆိုတော့” ဟု ကျောင်းရွာကျေးရွာခံတစ်ဦးက ပြောသည်။

ကျောင်းရွာ-အိုင်ရှည် ချောင်းကူးဝါးတံတား ဖြတ်သန်းသွားလာမရသည့်အတွက် ကျောင်းရွာကျေးရွာအုပ်စုအတွင်းက ကမ်းနီ၊ ဖလံချောင်းဝ၊ ကိုင်းတော အိုင်ရှည်၊ ရစ်ချောင်းအပေါ် ရစ်ချောင်းအောက်၊ ဓမ္မပါလ၊ ဂျုံလောင်းရွာဟောင်း အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းက သွားလာရေး၊ ရိက္ခာသယ်ဆောင်ရေးအတွက် အခက်အခဲဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ရေးမြို့နယ်ထဲ ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်သန်းသွားလာမှု မပြုနိုင်အောင် စစ်ကောင်စီတပ်တို့က ယခုလို လမ်းပိတ်တာ တံတားဖျက်ဆီးတာကို လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ကျောင်းရွာ-အိုင်ရှည်ရွာ ချောင်းကူးဝါးတံတားသည် မိုးတွင်းကာလတွင် အသုံးမပြကြပဲ မိုးကုန်ကာလတွင် ဒေသတွင်းနေထိုင်သူတို့က ကိုယ်ထူကိုယ်ထဖြင့် စတင်တည်ဆောက်ခဲ့ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

Most read this week

Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...