သံတွဲတွင် ၁၈ နှစ်အထက်ရှိသူများကို ထောက်လှမ်းရေးသင်တန်းပေးရန် စစ်တပ်က စည်းရုံးမှုများရှိနေ

သံတွဲတွင် ၁၈ နှစ်အထက်ရှိသူများကို ထောက်လှမ်းရေးသင်တန်းပေးရန် စစ်တပ်က စည်းရုံးမှုများရှိနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ၁၈ နှစ်အထက် အမျိုးသား၊ အမျိုးသမီးများကို ထောက်လှမ်းရေးသင်တန်းပေးရန် စစ်ကောင်စီတပ်က စည်းရုံးမှုများရှိနေသည်ဟု သိရသည်။

အခြေခံပညာအလယ်တန်းအောင်အဆင့် အသက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသားအမျိုးသမီးများကို ထောက်လှမ်းရေးသင်တန်းပေးရန် ငပလီတပ်ရင်း (၅၅)က စည်းရုံးမှုများရှိနေပြီး သင်တန်းပြီးပါက လစာပေးမည်ဟုလည်း ကတိပေးပြောဆိုမှုများရှိနေသည်ဟု တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"သင်တန်းဆင်းတာနဲ့ လစာပေးမယ်လို့လည်း ပြောတယ်။ ၈ တန်းအောင်အဆင့်ကနေ စယူပါတယ် သူတို့က"ဟု ပြောသည်။

နိုင်ငံရေး၊ စီးပွားရေးအခြေအနေတို့ကြောင့်  စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်တွင် လူငယ်များအနေဖြင့် သေချာနားမလည်ဘဲ၊ သေချာ မစဥ်းစားဘဲ စစ်တပ်၏ စည်းရုံးမှုကို နားယောင်မိပါက များစွာထိခိုက်မှုရှိလာနိုင်သည်ဟု သံတွဲမြို့ခံတစ်ဦးက ထောက်ပြပြောသည်။

" အလုပ်အကိုင် အဆင်မပြေတဲ့ လူငယ်တွေအနေနဲ့ မစဥ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတာမျိုး ဆိုရင် ဒါက အန္တရာယ်များပါတယ်။ သူတို့ကတော့ သူတို့လိုအပ်ချက်အရလုပ်မှာပါပဲ" ဟု ပြောသည်။

ယခုကဲ့သို့ ထောက်လှမ်းရေးသင်တန်းပေးရန် ခေါ်ယူနေသည် ပြောဆိုမှုအပေါ်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း  ဆက်သွယ်မေးမြန်း၍ မရရှိခဲ့သဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီသည် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)နှင့် ပတ်သက်သူများ၊ တပ်တည်နေရာများ၊ ရိက္ခာထောက်ပို့ လမ်းကြောင်းများကို အထူး စုံစမ်းထောက်လျှက်ရှိသည်ဟု ဒေသခံများက ပြောကြားသည်။

နှစ်ဘက်အပစ်အခတ်ရပ်စဲထားပြီး ယုံကြည်မှုတည်ဆောက်သင့်ရမည့် ကာလတွင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်အချို့ကြောင့် ရေရှည်တည်တံ့သည့် ငြိမ်အေးချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီသည် (ULA/AA) ထိန်းချုပ်မှုအားနည်းသည့် နယ်မြေများတွင် ULA/AA နှင့် အဆက်အသွယ်မလုပ်ကြရန် ၊ မထောက်ပံ့ကြရန်နှင့် မိမိတို့  စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ရွာအုပ်ချုပ်ရေးမှူးများ ထံတွင်သာ အမှုအခင်းများကို လာရောက် တိုင်ကြားကြရန် လိုက်လံစည်းရုံးမှုများကို အပစ်အခတ်ရပ်ထားသည့် နောက်ပိုင်းတွင် ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...