မချမ်းဘော့မြို့၊ ထီခချောင်းတွင် ရွှေအလွန်အကျွံတူးဖာ်နေမှုကြောင့် ရွံ့ရေအဖြစ်ပြောင်းလဲစီးဆင်း

မချမ်းဘော့မြို့၊ ထီခချောင်းတွင် ရွှေအလွန်အကျွံတူးဖာ်နေမှုကြောင့် ရွံ့ရေအဖြစ်ပြောင်းလဲစီးဆင်း

လူထုကန့်ကွက်မှုကြောင့် ရပ်နားထားတဲ့ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့က ထီခချောင်းမှာ ရွှေတူးဖော်မှုလုပ်ငန်းတွေကို အာဏာသိမ်းပြီးနောက် ပြန်လည်လုပ်ဆောင်နေတဲ့အတွက် ချောင်းရေဟာ ရွှံ့ရေအဖြစ် ပြောင်းလဲစီးဆင်းနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုအချိန်မှာ ကုမ္ပဏီတွေကနေ စက်ယန္တရားကြီးတွေအပြင် မြို့၊ ရွာဘက်က အလုပ်သမားတွေကိုလည်း ခေါပြီး တူးဖော်နေတာ ဖြစ်တယ်လို့ ထီခချောင်းအနီးမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့အင်အားကြီးတဲ့ ကုမ္ပဏီတွေဆိုတော့ ပိတ်ဖို့အလားအလာတော့မရှိဘူးထင်တယ်။ မြို့၊ ဘေးရွာက လူတွေကိုတောင် ရွှေတူးဖို့ ခေါ်တာတွေ့တယ်။” လို့ ဒေသခံကဆိုပါတယ်။

ဒေသခံတွေအနေနဲ့ မနှစ်ဒီဇင်ဘာလမှာ ရွှေတူးဖော်တာကို ရပ်တန့်ပေးဖို့ လုပ်ငန်းရှင်တွေကို တောင်းဆိုတာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေလုပ်ကွက်တွေဖြစ်တဲ့အတွက် မတားဆီးနိုင်ခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပိုင်ဆိုင်မှုအထောက်အထား မပြနိုင်ဘဲ စစ်တပ်ဆီက လုပ်ပိုင်ခွင့်လက်မှတ်ရလို့ ရွှေတူးဖော်နေတာတွေကို ဘယ်လိုနည်းနဲ့မှ မတားဆီးနိုင်ဘူးလို့ ပူတာအိုမြို့နေ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းတူးဖော်ဖို့ ရွှေလုပ်ကွက်ပေါင်း ၁၀ ဆိုင်းကျော်ဝင်ရောက်လာတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဒေသခံတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်ရဲ့ မြေနေရာတွေကို သူတို့(လုပ်ငန်းရှင်သူဌေး) ပေးတဲ့ဈေးနဲ့သာ ရောင်းချပေးလိုက်ရတယ်လို့လည်း သိရပါတယ်။

အဲဒီလိုမျိုး ထီခချောင်းတစ်လျှောက်က မြေနဲ့တောင်တွေကိုဖြိုချပြီး တစ်ဧကကို တစ်ပတ်လောက်နဲ့ ရွှေတွေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် ချောင်းရေကြီးတာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ အထက်ပါ ထီခချောင်းအနီး နေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“စက်နဲ့တူးတဲ့အခါကြတော့ တစ်ဧကကိုလည်း တစ်ပတ်လောက်ဆိုတော့ ကုန်သွားတာပဲလေ။ နောက်နောင်လည်း အစစ အရာရာ အခက်အခဲရှိလာနိုင်တယ်။” ဒေသခံက ဆိုပါတယ်။

ရွှံ့ရေဟာ ရေနေသတ္တဝါတွေကိုထိခိုက်စေပြီး ငါးတွေရှားပါးလာတဲ့အပြင် ကမ်းပါးပြိုကျပြီး ဒေသခံတွေ ဒုက္ခရောက်လာမှာကို စိုးရိမ်နေတယ်လို့ မချမ်းဘော့မြို့က နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

အဲဒီနေရာမှာ ရွှေခဲတွေအမြောက်အများ ထွက်ရှိနေတဲ့အတွက် ကန့်ကွက်နေတဲ့ ကြားကနေ ဆက်လက်တူးဖော်နေကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အခုရွှေတူးဖော်နေကြတဲ့ မြေတွေဟာ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ဘိုးဘွာလက်ထက်က နတ်ကိုးကွယ်ရာမြေနေရာတွေ ဖြစ်သလို အထွဋ်အမြတ်ထားရာ မြေနေရာဖြစ်တဲ့အပြင် ဒေသခံတွေ စိုက်ပျိုးမြေတွေ အဖြစ်အသုံးပြုနေတဲ့ မြေတွေဖြစ်တယ်လို့လည်း နောက်ထပ်ပူတာအိုဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေမြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ လာရောက်ပြီး ချောင်းရေကို ကြည့်ရှုခဲ့ပေမယ့် ဒေသခံတွေရဲ့တင်ပြချက်တွေကို အလေးနက်ထားဆောင်ရွက် ပေးမှုမရှိဘူးလို့လည်း ဆိုပါတယ်။

အခုတူးဖော်နေတဲ့နေရာရဲ့ အထက်ပိုင်းကိုတော့ သွားရောက်တူးဖော်လုပ်ကိုင်တာမျိုး လုံးဝမပြုလုပ် ပေးကြဖို့ကို ဒေသခံတွေက လုပ်ငန်းရှင်တွေကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

အဲဒီ ထီခချောင်းအထက်ပိုင်းကို ဆက်လက်တူးဖော်လိုက်မယ်ဆိုရင် ကျေးရွာပေါင်း ၃၀ မှာနေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေကို အများကြီးထိခိုက်လာနိုင်တဲ့အပြင် ထီခချောင်းလည်း ပျက်စီးသွားမှာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...