ရခိုင်မျိုးနွယ်စုဝင်ပါတီတစ်ခုဖြစ်သော ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP) အနေဖြင့် မှတ်ပုံတင်တော့မည်မဟုတ်ဟု သိရသည်။
ထိုသို့ ပြန်မတင်ခြင်းမှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ထားသော စည်းကမ်းများကို မလိုက်နာနိုင်သည့်အတွက်ဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက ပြောသည်။
"မှတ်ပုံတင်မယ်ဆိုရင် သိန်းတစ်ရာသွင်းရမယ်။ ပြည်နယ်အဆင့်ဆိုရင် မြို့နယ် ၅ မြို့မှာ ရုံးဖွင့်ရမယ်။ ကျနော်တို့မှာက လူဦးရေလည်း နည်းတယ်။ နောက်ပြီးတော့ ဆင်းရဲတယ်ဆိုတော့ အဲလောက် သိန်း ၁၀၀ မရနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ မတင်ဖြစ်တာပါ။ တခြား ဘာမှတော့ မပြောချင်ပါဘူး" ဟုပြောသည်။
ရခိုင်တွင် ရခိုင်မျိုးနွယ်စုဝင်ပါတီငယ်များရှိပြီး လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့် ဥပဒေသစ်ကြောင့် ပါတီငယ်တချို့ မှတ်ပုံပြန်တင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု သိရှိရသည်။
လက်ရှိ စစ်ကောင်စီက ပြဌာန်းလိုက်သည့် ဥပဒေသည် တိုင်းရင်းသားပြည်နယ် အခြေပြု ပါတီများ ပြည်ထောင်စု အဆင့် လွှတ်တော်နေရာများတွင် ဝင်ရောက်မယှဉ်ပြိုင်နိုင်ရန် ကန့်သတ်လိုက်ပြီး ပြည်နယ်များရှိ လူနည်းစု လူမျိုးငယ်များပါတီများကိုလည်း နိုင်ငံရေး ပါတီအဖြစ် မရပ်တည်နိုင်အောင် တင်းကျပ်ထားလိုက်သည့် ဥပဒေဖြစ်ကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေအတွင်းရေးမှူး - စိုင်းလ (ခ) စိုင်းလိတ်က “လွယ်လွယ်ပြောရင်တော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေအပေါ် ပြည်ထောင်စုအဆင့်ကနေ ဖယ်ထုတ်ပြီးတော့မှ သူ့သက်ဆိုင်ရာ ပြည်နယ်တွေမှာပဲ အပြိုင်အဆိုင်လုပ်ခိုင်းတဲ့ သဘောလို့ပဲ ယူဆပါတယ်ခင်ဗျ။ ပါတီကြီးတစ်ခု၊ ဒဲ့ပြောရင်တော့ ကြံ့ခိုင်ရေးပါတီ USDP ကို သူ့တစ်ယောက်ထဲ ပြိုင်ဘက်မရှိ စိတ်ကြိုက် လုပ်နိုင်တဲ့ အနေအထားမျိုးတစ်ခုကို ဖန်တီး ပေးလိုက်တယ်လို့ပဲ ယူဆလို့ရတယ်” ဟု နိရဉ္စရာနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။
၎င်းပြင်သူက “ ပြည်ထောင်စုမှာဆိုရင် နိုင်ငံတစ်ဝှမ်းလုံး ၀င်ယှဉ်ပြိုင်မယ့်သူက လွတ်တော်အရပ်ရပ်ရဲ့ တစ်၀က်ဆိုတော့ အနည်ဆုံး ၅၀၀ ကျော် ၆၀၀ နီးပါးလောက်၀င်ပြိုင်ရမယ်ဗျာ၊ ဒါပေမယ့် ပြည်နယ်မှာကျတော့ တစ်ယောက်ထဲလည်း ၀င်ပြိုင်လည်းဖြစ်တယ်။ မဲဆန္ဒနယ်တစ်ခုထဲလည်း ၀င်ပြိုင်လို့ ဖြစ်တယ်ဆိုတော့ ပြည်နယ်ကိစ္စကို သူတို့ ဖြစ်သလိုလုပ်ပြီးတော့မှ ပြည်ထောင်စုကို အတင်း တင်းကြပ်ထားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ဒါဟာ မျှတမှု မဟုတ်ဆိုတဲ့ အနေထားမျိုးလို့ သုံးသပ်လို့ရပါတယ်” ဟုလည်း ပြောဆိုသည်။
ပါတီမှတ်ပုံတင် ဥပဒေသစ်အရ တိုင်းရင်းသားပါတီများသည် ပြည်ထောင်စုကို ကိုယ်စားပြုသည့် ပါတီမဟုတ်ပါက ယခင်ရွေးကောက်ပွဲကလို ပါတီကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ဟု သိရှိရသည်။
ထိုသို့ တိုင်းရင်းသားပါတီများကို ပြည်ထောင်စု အဆင့်တွင် ရွေးကောက်ပွဲ မဝင်နိုင်ရန် စစ်ကောင်စီက ကန့်သတ်လိုက်သော်လည်း ၎င်းတို့၏ ဥပဒေအောက်တွင် ပါတီကို မဖျက်သိမ်းလို၍ တိုင်းရင်းသားပါတီများ အနေဖြင့် မှတ်ပုံတင်မှုကို ပြုလုပ်နေကြရသည်ဟု သိရသည်။
ထိုအထဲတွင် ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါဝင်ပြီး နောက်ထပ် ရခိုင်အမျိုးသားပါတီ (ANP)၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားတိုးတက်ရေး ပါတီတို့သည်လည်း မှတ်ပုံတင်သွားမည်ဟု သိရှိရသည်။
ရခိုင်ပြည်နယ်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည် မှတ်ပုံမတင်ဟု အတိအလင်း ပြောဆိုထားသည်။
လက်ရှိ မှတ်ပုံတင်သွားမည်ဖြစ်ကာ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ဆုံးဖြတ်ချက်မချရသေးဟုဆိုသည်။ ရခိုင်ပြည်နယ်မှ သက်နှင့် မာရမာကြီးလူမျိုးများတွင်မူ နိုင်ငံရေးပါတီအဖြစ် ထူထောင်ထား၍ မရှိဟု သိရသည်။







