လီဒိုလမ်းမပေါ်က စိုက်ပျိုးမြေများတွင် KIA က ရွာတည်မည်ဟုဆိုကာ အကွက်ရိုက်ရန် စီစဉ်နေခြင်းကြောင့် ဒေသခံများစိုးရိမ်နေ

လီဒိုလမ်းမပေါ်က စိုက်ပျိုးမြေများတွင် KIA က ရွာတည်မည်ဟုဆိုကာ အကွက်ရိုက်ရန် စီစဉ်နေခြင်းကြောင့် ဒေသခံများစိုးရိမ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမီ-ဝါရာဇွပ် လီဒိုလမ်းက စိုက်ပျိုးမြေတွေပေါ် ရွာတည်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ KIAအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၂)ကနေ မြေအကွက်ရိုက်ပြီး လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိ နောင်းမီ- ဝါရာဇွပ်ကျေးရွာကြားနဲ့ အရင်က ပီလောပီနံစိုက်ပျိုးခဲ့တဲ့ ဘန်ကောက်ကျေးရွာရှေ့ ယုဇနကုမ္ပဏီဧရိယာက မြေတွေကိုသိမ်းယူပြီး အကွက်ချဖို့ လမ်းဖောက်တာတွေ လုပ်ဆောင်နေကြပြီလို့လည်း သိရပါတယ်။

အထက်ပါ စိုက်ပျိုးမြေတွေဟာ ပြည်သူတွေခြံနဲ့လယ် စိုက်ပျိုးဖို့အတွက်သာ အဆင်ပြေပြီး အခုလို ရွာတည်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လာတာဟာ မဖြစ်သင့်ဘူးလို့ ဝါရာဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အဲဒီစိုက်ပျိုးမြေတွေကို နယ်မြေခံ KIA တပ်မဟာ(၂)အောက် တပ်ရင်း(၁၄)က စီမံနေပြီး မြေယာစီစစ်ရေးကော်မတီတွေပါ ဖွဲ့ပြီးတော့ စီစဉ်နေကြပြီဖြစ်တယ်လို့ အထက်ပါဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ ယုဇနကုမ္ပဏီကို မမောင်းထုတ်ခင်က KIAအနေနဲ့ စကားတစ်ခွန်းတောင် မဟခဲ့ဘူး။ လီဒိုလမ်းတစ်လျှောက်က ပြည်သူတွေပဲ ပူးပေါင်းအင်အားစိုက်ခဲ့ရတယ်။ နောက်ပိုင်း အာဏာသိမ်းတာနဲ့အတူ ပြည်သူတွေ စာတင်သွင်းတာ အခါခါလုပ်ပြီးမှ ကူညီပေးတဲ့အတွက် ကျေးဇူးတင်နေတာ။ ကျေးဇူးတင်နေရင်း အခုလို အာဏာသိမ်းပြီးနောက် လယ်လုပ်၊ ခြံလုပ်နေတဲ့ ပြည်သူတွေရဲ့ မြေတွေ ပြန်သိမ်းပြီးလုပ်တယ်” လို့ သူက ပြောပါတယ်။

ဒေသခံပြည်သူတွေ ကြားသိနေရတဲ့ သတင်းအရ အဲဒီစိုက်ပျိုးမြေတွေကို အကွက်ရိုက်ရောင်းဖို့ စီစဉ်နေတဲ့အပြင် KIAအရာရှိပိုင်းတွေ ခွဲယူဖို့ စီစဉ်နေတယ်လို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒါ့အပြင် မတ်လ(၅)ရက်နေ့ကလည်း ဝါရာဇွပ်ကျေးရွာက သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ အထက်ပါ ရွာတည်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်သူတွေကို ထိန်းသိမ်းလိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက် ထုတ်ပြန်တာတွေအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ဘုရားကျောင်းမှာလည်း တစ်ခါတည်းထုတ်ပြန်တယ်။ ကန့်ကွက်တဲ့ ဘယ်သူ့ကိုမဆို ထိန်းသိမ်းလိုက်မယ်ဆိုပြီး ထုတ်ပြန်တာ။ ခုက ဝင်တော့မဝင်သေးဘူး။ လမ်းတွေတော့ ဖောက်နေပြီ”လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာဟာ(၅)မိုင်လောက်ဝေးတဲ့အပြင် ဝါရာဇွပ်ကျေးရွာနဲ့ ဘန်ကောက်ကျေးရွာကတော့ (၄)မိုင်လောက် ကွာဝေးပြီး အဲဒီ ရွာတွေရဲ့လမ်းတစ်လျှောက်မှာ ရှိတဲ့ စိုက်ပျိုးမြေတွေကို အကွက်ရိုက်ဖို့ စီစဉ်နေကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KIA နောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးကို မေးမြန်းရာမှာတော့ အဆိုပါ နေရာတွေမှာ KIAဘက်က မြေတိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ အကွက်ချရောင်းဖို့ မဟုတ်ဘဲ စစ်ရှောင်ပြည်သူတွေအတွက် မြေနေရာစီစဉ်ပေးပြီး ရွာတည်ပေးဖို့သာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ရောင်းစားတာ မဟုတ်ဘူး။ စစ်ရှောင်တွေကို ရွာတည်ပေးဖို့ နေရာချပေးတာ ဟုတ်တယ်။ တချို့က ရှမ်းပြည်ဘက်က စစ်ရှောင်တွေ ဟုတ်တယ်။ ပြီးတော့ အိမ်ခြံယာမရှိတဲ့ သူတွေကို လုပ်ပေးတာ”လို့ အထက်ပါ KIA အရာရှိက ဆိုပါတယ်။

ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးမြေတွေ ပါဝင်နေတယ်ဆိုတဲ့အပေါ် မှာလည်း ယုဇနကုမ္ပဏီ ထွက်ခွာသွာပြီးနောက် စိုက်ပျိုးမြေမရှိလို့ အဲဒီနေရာမှာ လာရောက်လုပ်သူကိုင်ခဲ့သူတွေကို KIAအနေနဲ့ တခြားနေရာမှာ မြေယာပြန်လည် သတ်မှတ်ပေးတာတွေ လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး စိုက်ပျိုးမြေရှိရက်နဲ့ လာရောက်လုပ်ကိုင်သူတွေကိုတော့ သတ်မှတ်ပေးမှာ မဟုတ်ဘူးလို့ အထက်ပါ KIA အရာရှိက ဆိုပါတယ်။

နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ (၂)အောက် ဧရိယာအတွင်းမှာ တပ်ရင်း(၄၅)၊ (၂၀)၊ (၄၃)၊ (၁၄) (၁၁)တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ရွာတည်ပေးမယ်ဆိုပြီး မြေကွက်တိုင်းထားတဲ့ နေရာထဲက တစ်ခုဖြစ်တဲ့ ယုဇနကုမ္ပဏီဘက်က မြေနေရာဟာ အရင်က ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းတစ်လျှောက်က ကျေးရွာ ဒေသခံတွေ လွတ်လွတ်လပ်လပ် စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ နေရာတွေ ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီကနေ အထက်အမိန့်ဆိုပြီး ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ၁၀ နှစ်ကျော် သိမ်းပိုက်လုပ်ကိုင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့နဲ့ မေလ ၁၉ရက် နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့မှာ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...