ကိုးကန့်ဒေသကို MNDAA လက်ထဲသို့ အလုံးစုံပြန်ရသည်အထိ လက်တွဲသွားမည်ဟု AA ၊ TNLA ပြော

ကိုးကန့်ဒေသကို MNDAA လက်ထဲသို့ အလုံးစုံပြန်ရသည်အထိ လက်တွဲသွားမည်ဟု AA ၊ TNLA ပြော
ညီနောင်မဟာမိတ် ၃ ဖွဲ့အား တွေ့ရစဉ်။/ ဓာတ်ပုံ- AA Info Desk
ညီနောင်မဟာမိတ် ၃ ဖွဲ့အား တွေ့ရစဉ်။/ ဓာတ်ပုံ- AA Info Desk

ကိုးကန့်ဒေသကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည်ရရှိနိုင်သည်အထိ လက်တွဲသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် AA ၊ TNLA အဖွဲ့တို့က ပြောကြားလိုက်သည်။

ညီနောင်မဟာမိတ်အဖွဲ့နှစ်ဖွဲ့အနေဖြင့် ဘုံ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် ဆက်လက်ရပ်တည်ကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ (၁၁) ရက်နေ့တွင် ကျရောက်သည့် (၃၄)နှစ်မြောက် MNDAA တပ်မတော်နေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်က ဦးဆောင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မြန်မာနိုင်ငံတွင် အထူးဒေသ (၁) ဖြစ်လာခဲ့ပြီး “ဝ” UWSP/UWSA၊ မိုင်းလား(NDAA) အဖွဲ့အစည်းများ ကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဒေသတစ်ခုအဖြစ် နှစ်ပေါင်း ၂၀ ကျော် ရပ်တည်နိုင်ခဲ့သည်။

သို့သော် ၂၀၀၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မြန်မာစစ်တပ်က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် ဖိအားပေးမှုကို MNDAA က လက်မခံခဲ့သဖြင့် တိုက်ခိုက်ခံရကာ ၎င်းတို့နယ်မြေ အထူးဒေသ (၁)ကို စွန့်ခွာခဲ့ရသည်။

“ကိုးကန့် အထူးဒေသ (၁) အဖွဲ့အစည်းအနေဖြင့် မိမိလူမျိုးအချင်းချင်း မတိုက်ခိုက်လိုသည့်အပြင် ပြည်သူကို ငဲ့ညှာသောကြောင့် ၎င်းဒေသအား ခေတ္တစွန့်ခွာခဲ့သည်မှာ ယခုဆိုလျှင် (၁၄)နှစ် နီးပါးရှိခဲ့ပြီ ဖြစ်သည်” ဟု ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ MNTJP ဥက္ကဌ ဦးဖုန်တာရွှင် ဦးဆောင်ပြီး ခေတ္တစွန့်ခွာခဲ့ရသည့် ကိုးကန့်နယ်မြေကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)လက်ထဲသို့ ပြန်လည်ရရှိနိုင်ရန်အတွက် ဘဝတူ ညီနောင်မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်နေကြောင်း AA၊ TNLA က ဆိုသည်။

ယင်းအပြင် MNDAA အနေဖြင့် နွေဦးတော်လှန်ရေးထဲမှပေါက်ဖွားလာသော စစ်အာဏာရှင်စနစ် တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ဘုံရည်မှန်းချက်တူညီပြီး စုပေါင်းလုပ်ဆောင်၍ရသော အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်သူ့ ယုံကြည်မှု၊ ထောက်ခံမှု ရရှိထားသော အဖွဲ့အစည်းများနှင့်လည်းကောင်း ဟန်ချက်တူညီစွာ တိုက်ပွဲဝင်လျက်ရှိသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

MNDAA သည် ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် နိုင်ငံရေးရည်မှန်းချက်များကို ကိုင်စွဲကာ တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်ကြောင်း ယနေ့ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) ကလည်း နွေဦးတော်လှန်ရေးထဲမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများကို စိတ်ဓာတ်ခွန်အားနှင့် တော်လှန်ရေး အကူအညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် MNDAA တပ်မတော်နေ့သို့ သဝဏ်လွှာပေးပို့ထားသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်မတော် (MNDAA) သည် ရက္ခိုင့်တပ်တော်(AA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ညီနောင်မဟာမိတ် ဖွဲ့ထားခြင်းဖြစ်သည်။ ယင်းအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြစ်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်လည်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...