မိုးကောင်းမြို့က ဈေးဆိုင်ခန်းများအား ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်အခကောက်ခံနေခြင်းကြောင့် ဆိုင်ခန်းပိုင်ရှင်များ အခက်ကြုံ

မိုးကောင်းမြို့က ဈေးဆိုင်ခန်းများအား ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်အခကောက်ခံနေခြင်းကြောင့် ဆိုင်ခန်းပိုင်ရှင်များ အခက်ကြုံ

စီးပွားရေးကျပ်တည်းတဲ့ကြားက စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ အခွန်အခတွေ ကောက်ခံနေတာကြောင့် အခက်ကြုံနေကြရတယ်လို့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာရှိတဲ့ ဈေးဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေကနေ အခု ဖေဖော်ဝါရီလကစပြီး အခွန်အခတွေကို ပြန်လည်ကောက်ခံ လာတာဖြစ်လည်း ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေနေတွေကြောင့် လမ်းသွားလမ်းလာ နည်းပါးပြီး ဈေးဝယ်သူမရှိသလောက် ဖြစ်နေတဲ့ အခြေနေမှာ စစ်ကောင်စီရဲ့ စည်ပင်ဝန်ထမ်းတွေကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ အခွန်လာရောက် ကောက်ခံနေတာကြောင့် အခက်ကြုံနေရတယ်လို့ ဘူတာတိုက်တန်းမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဘူတာကြေးကတော့ ပုံမှန်ပေးရတာပေါ့ တစ်လကို နှစ်သောင်းကျော်။ ပြီးတော့ ဆိုင်းဘုတ်လိုင်စင်ခဆိုပြီး နှစ်နှစ်စာ လေးသောင်းယူသွားတယ်ကွာ။ အဲဒါပြီးတော့ တစ်နေ့က နောက်တစ်ယောက်ရောက်လာတာ ကျူးကျော်နယ်မြေ ဖြစ်တာကြောင့် ပိုက်ဆံပေးရမယ်ဆိုပြီး။ ပြီးတော့ ခုနလေးတင်ကပဲ တစ်ယောက် ရောက်လာတာ ဘာကြေးလာကောက်တာလဲဆိုတော့ အဆောက်အဉီခဆိုပြီး ကောက်သွားသေးတယ်။” လို့ အထက်ပါဆိုင်ပိုင်ရှင်က ဆိုပါတယ်။

ဒါ့အပြင် ဈေးကုန်းရပ်ကွက်မှာရှိတဲ့ စည်ပင်သာယာ မြို့မဈေးက ဈေးဆိုင်ခန်းတွေကိုလည်း အာဏာသိမ်းစကနေ လက်ရှိအချိန်ထိ (၂) နှစ်စာ ဆိုင်ခန်းအခွန်ခတွေကို အတင်းအကြပ်တောင်းခံနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ စည်ပင်သာယာရေးအဖွဲ့ကနေ ကောက်ခံတဲ့အခွန်အခမှာ ဆိုင်ခန်းအနည်းအများအလိုက် ကျပ်(၂) သိန်းကနေ (၆) သိန်းကျော်အထိရှိပြီး ရက်ပိုင်းအတွင်း အပြီးဆောင်ဖို့ ဖိအားပေးပြောဆိုတာတွေ ရှိတယ်လို့ မိုးကောင်းမြို့မဈေးမှာဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“ ကိုဗစ်တုန်းကတည်းက အကြွေးအကျန်တွေရောပေါ့နော်။ဆိုင်ခန်းခွန်တွေ မဆောင်မနေရဆိုပြီး ဖိအားပေးပြီးမှလေ ဆောင်ခိုင်းနေတာ။ တချို့ကလည်း သူတို့ပြောတဲ့ဟာ ဆောင်ကြတယ်။ တချို့ကလည်း မဆောင်ကြဘူးပေါ့။ အခုကြတော့ အဲဒီတုန်းကဟာတွေပါ အကုန်လုံးဆောင်ခိုင်းတာ့ပေါ့နော်။”လို့ ဆိုပါတယ်။

အခုလို နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အပြင် အရောင်းအဝယ် ပါးတဲ့အခြေနေမှာ (၂)နှစ်စာ အကြွေးကျန်ကို နှစ်ရက်အတွင်း အပြီးဆောင်ခိုင်းနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အရောင်းအဝယ်လည်းပါးတော့ တော်တော်ခက်ခဲတယ်လေ။ စားကုန်သောက်ကုန်တောင်မှ အခုက ကုန်ဈေးနှုန်းတွေက တက်တော့ အထည်သည်တွေဆို တစ်ခါတလေ ဈေးဦးတောင် ပေါက်ချင်မှပေါက်တာ။ အဲဒါကိုမှ သူတို့က ဖိအားပေးထားတာ။ လက်ကျန်ငွေလုံးဝမရဘူး။ နှစ်ရက်အတွင်းကို အကြေပေးရမယ်လို့ပြောတာ။” လို့ ဆိုပါတယ်။

မိုးကောင်းမြို့ မြို့မဈေးမှာ ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ရှိပြီး (၂) နှစ်စာ ဆိုင်ခန်းခွန် အကြွေးကျန်ကို ရက်ပိုင်းအတွင်းပေးဆောင်ကြဖို့ တောင်းခံနေတဲ့အတွက် အများစုမှာ ပေးဆောင်ဖို့ အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေမှာ အကျင့်ပျက်ချစားမှုတွေ ပိုများလာပြီး တရားမဝင် ငွေကြေးတောင်းယူတာတွေလည်း အရင်ကထက် ပိုများလာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...