မောင်တောခရိုင်တွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု နှောင့်နှေးနေ

မောင်တောခရိုင်တွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု နှောင့်နှေးနေ
အငူမော် - မောင်တောကားလမ်းရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလအတွင်း တွေ့ရစဉ်။
အငူမော် - မောင်တောကားလမ်းရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလအတွင်း တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယခင်က ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၄ သောင်းရှိရာမှ  လက်ရှိ ငွေကျပ် ၆ သောင်းကျော်နှင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် ၇ သောင်းမှ ငွေကျပ် ၁ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။

“ကုန်ပစ္စည်းတွေကို လိုသလောက်သယ်ယူခွင့် မရကြဘူး။ ကျနော်တို့ မောင်တောဘက်မှာ ၁၀၀  ရာခိုင်နှုန်းလောက်  တက်သွားတဲ့ စျေးဟာ ပြန်ကျတဲ့အခါ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ကျတယ်။  ပစ္စည်းတွေလည်း အမြဲပြတ်လပ်တာနဲ့ ကြုံတွေ့ရပါတယ်”ဟု မောင်တောမြို့မှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ရေလမ်းကြောင်းမှတဆင့် ကုန်ပစ္စည်းသယ်ယူရာမှာလည်း အငူမော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရခြင်း၊ တန်ဆာခဈေးကြီးခြင်း၊ အချိန်ကြန့်ကြာခြင်းများကြောင့် ကုန်းလမ်းကြောင်းကို အဓိက အသုံးပြုနေရခြင်းဖြစ်သည်။

ယခင်က စစ်တွေမြို့မှ မောင်တောသို့သွားရောက်သည့် ကားလမ်းတစ်လျှောက်တွင် အငူမော်၊ အင်းတောင်၊ မောရဝတီ၊ သုံးမိုင် စစ်ဆေးရေးဂိတ် ၄ ခုသာရှိခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သုံးမိုင်အနီးတွင် ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် ခရီးသွားလာရေးတွင် ပိုမိုအခက်တွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်စစ်ဆေးတယ်။ လူအထူးအဆန်းတွေပါရင်လည်း ခေါ်ယူပြီး စစ်ဆေးမှုတွေ ရှိတယ်။ အဓိကတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်”ဟု မောင်တောမြို့မှ ပညာရေးဝန်ထမ်းက ပြောသည်။

စစ်ကောင်စီက ကုန်ပစ္စည်းများကို ကန့်သတ်ချက်ဖြင့်သာ သယ်ယူခွင့်ပြုထားသည့်အတွက် မောင်တောခရိုင်က ပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုအပြင် ရိက္ခာပြတ်လပ်မှုကိုပါ ရင်ဆိုင်နေရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာ ဒေသခံတစ်ဦးက “နယ်ဘက်က ဒေသခံတွေလည်း ကန့်သတ်ချက်နဲ့ပဲ ယူရပါတယ်။ ဆိုတော့ ကျနော်တို့မှာ အများကြီး အခက်အခဲ ဖြစ်ရပါတယ်။ မြို့ပေါ်နဲ့မတူဘူး။ ဥပမာ ဆေးဝါးဆိုရင် ပိုပြီးခက်ခဲပါတယ်။ ဆေးကုန်သွားလို့ရှိရင် ရွာမှာရှာမရတော့ဘူး။ ပစ္စည်းသယ်ယူမယ်လည်း အကုန်လုံးအတွက် ရဲထောက်ခံစာ ယူရပါတယ်”ဟု ပြောသည်။

အလားတူ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မှစ၍ ခရီးသွားလာခွင့်ပိတ်ပင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း သုံးဘီးနှင့် ဆိုင်ကယ်များသာ သွားခွင့်ပြုပြီး ကားများ သွားခွင့်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကားလမ်းမှာ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါပြီး ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအတွက် အရေးပါသော လမ်းတစ်ခုဖြစ်သည်။ ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းမတွင် လွပ်လပ်စွာ သွားလာခွင့်ရသေးသဖြင့် ဒေသခံများ၏ လူမှုစီးပွားများ ထိခိုက်နစ်နာနေကြရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့မှာ အဘက်ဘက်က ဆုံးရှုံးနေရတဲ့အတွက် ဒီလမ်းကို အမြန်ဆုံး သွားလာခွင့် ရစေချင်ပါတယ်။ စစ်တွေသို့ သွားမယ်ဆိုရင်လည်း တစ်ခါလည်း သွားလို့မရဘူး။ နှစ်ဆင့် သုံးဆင့် သွားနေရပါတယ်။ အဲဒီလမ်းမှာ ပြေးဆွဲနေတဲ့ ကားသမားအများစုကလည်း အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။ လွတ်လပ်စွာသွားလာခွင့် မဟုတ်ရင်တောင် နည်းနည်းတော့ ဖြေလျော့ပေးစေချင်ပါတယ်”ဟု သူကပြောသည်။   

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံ DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။  

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၃ လကျော်အထိ ရှိလာပြီ

ဖြစ်သော်လည်း ဒေသအတွင်း လွပ်လပ်စွာခရီးသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မြို့ပြဒေသနှင့် အနီးတဝိုက်သတ်မှတ်နေရာများသို့ UN နှင့် INGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်သဖြင့် နိုင်ငံတကာဝန်ထမ်းများ လက်ရှိအချိန်ထိ သွားလာခွင့်မရသေးကြောင်း UNOCHA က ဆိုသည်။

ယင်းအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးနေမှုများရှိနေပြီး ယခုလ ရက်သတ္တတစ်ပတ်အတွင်း စစ်ဆေးမှုများကို ၄ နာရီမှ နှစ်နာရီသို့ လျော့ချပေးခဲ့သော်လည်း လူသားချင်းစာနာမှုဆိုင်ရာကူညီများမှာ အဟန့်အတား ဖြစ်နေသေးကြောင်း UNOCHA ထုတ်ပြန်ချက်မှာ ပါရှိသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုလမှစ၍ တကျော့ပြန်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့တွင် လူသားချင်းစာနာမှုကို အခြေခံကာ ယာယီအပစ်အခတ်ရပ်တန့်ခဲ့ကြသည်။

တိုက်ပွဲရပ်တန့်ခဲ့ခြင်းကြောင့် ဒေသတွင်းတိုးတက်မှုများ ရှိသော်လည်း ရခိုင်နှင့် ချင်းပြည်နယ်တောင်းပိုင်းက ဒေသခံများမှာ ယနေ့အထိ ရုပ်ပိုင်းဆိုင်ရာနှင့် ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများ လွှမ်းမိုးနေသေားကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...