ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်
ကော်သူးလေတပ်မတော်၏ လက်မောင်းတံဆိပ် Credit: KIC
ကော်သူးလေတပ်မတော်၏ လက်မောင်းတံဆိပ် Credit: KIC

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိကြောင်း KNU တပ်မဟာ ၄ ဘိတ်- ထားဝယ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း KNU တပ်မဟာ ၄ တပ်ဖွဲ့က ကော်သူးလေတပ်မတော် တပ်ရင်း ၁ နေရာကို သိမ်းပိုက်ခဲ့ပြီး ကော်သူးလေတပ်မတော် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ PDF များ ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်ကနေ ထွက်ခွာကြဖို့ ကေအန်ယူ တပ်မဟာ ၄ က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေ တပ်မတော် ကလည်း  PDF များအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် အဖွဲ့အစည်းကနေ ထွက်ကြဖို့ တန်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောင် နှစ်ဖက် စစ်ရေးတင်းမာလာခဲ့သည်။

ကော်သူးလေတပ်မတော်နှင့် KNU တပ်မဟာ ၄ တို့အကြား စစ်ရေးတင်းမာလာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့က နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြားက တင်းမာမှုကို အမြန်ဆုံးဆွေးနွေးအဖြေရှာရန် တနင်္သာရီတိုင်းရှိ ကရင်ပြည်သူလူထုတို့က ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုထားသည်။

ကရင်အဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်ပါက စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ကောင်းကျိုးမရှိသ ည့်သက်ရောက်မှုသာ ဖြစ်လာနိုင်ပြီး ကရင်လူထုအပေါ်တွင်လည်း ကြီးမားသည့်ဆိုးကျိုးသာဖြစ်စေနိုင် ကြောင်းလည်း ကရင်ပြည်သူလူထုတို့က ထောက်ပြထားသည်။

၎င်းပြင် ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းကိုလည်း လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းရှိ ကရင်လူထုတို့က သဘောထား ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား ပဋိပက္ခနှင့် ပတ်သက်ပြီး KNU ဗဟိုကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာမှတ်ချက်ပြုလိုခြင်းမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေး အဖွဲ့ – KNDO ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...