လေးကေ့ကော်တွင် ခြုံရှင်းရာမှ စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ ၂ ဦးထိမှန်ပြီး တစ်ဦးစိုးရိမ်ရ

လေးကေ့ကော်တွင် ခြုံရှင်းရာမှ စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ ၂ ဦးထိမှန်ပြီး တစ်ဦးစိုးရိမ်ရ

မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီး ထီးမယ်ဝါးခီး-ဖလူးကျေးရွာ လမ်းအကြားရှိ ပြောင်းစိုက်ခင်း၌ ယမန်နေ့ ဖေဖော်ဝါရီလ(၈)ရက်၊ နံနက်(၁၀) နာရီအချိန်တွင် ပြောင်းခင်းထဲ ခြုံသွား ရှင်းသည့် လေးကေ့ကော် ဒေသခံ(၃)ဦးသည် မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်ကြီးကျည်ကို မီးရှို့မိရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ၂ ဦးထိမှန်ပြီး တစ်ဦးစိုးရိမ်ရကြောင်း သိရသည်။

လေးကေ့ကော်မြို့သစ်တွင် ပြီးခဲ့သည့် နှစ်များတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ ဒေသခံတချို့ နေရပ်ပြန်လာကြပြီး ၎င်းတို့ ပြောင်းခင်းများကို သွားရောက်ရှင်းလင်းရာတွင် မြေကြီးထဲနစ်ဝင်ထားသည့် လက်နက်ကြီးကျည်ကို ရှို့မိရာမှ ယခုလို ပေါက်ကွဲထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ပြောသည်။

၎င်းက “ဒေသခံ ၆ ယောက်က ပြောင်းခင်းထဲမှာခြုံတွေသွားရှင်းတယ်။ ခြုံသွားရှင်းတဲ့အချိန်မှာ ခြုံကိုပုံ ထားပြီးတော့ မီးရှို့တဲ့အချိန်မှာ ကျည်ကပေါက်ပြီး တစ်ယောက်ထိသွားတယ်။ တစ်ယောက်က ဒဏ်ရာ နည်းနည်း ပြင်းထန်တယ်ပေါ့နော်။ ကျန်တဲ့နှစ်ယောက်ကတော့ နည်းနည်းလေးပဲထိတယ်။ စိုးရိမ်စ ရာမရှိဘူး။ ထိသွားတဲ့လူက မေးရိုးမှာထိသွားတယ်။ အရင်ကလည်း သူတို့ ပြောင်းခင်းလုပ်တယ်။ ဘာဖြစ်လို့ထိသွားလဲဆိုတော့ အဲ့ဒီနေရာက တပ်စခန်းနဲ့လည်း မနီးဘူးလေ။ ဘာမှမဖြစ် လောက်ဘူးထင်ပြီး သွားခွင့်ပေးတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူ ဒေသခံ (၂) ဦးတွင် အသက် (၆၀)အရွယ် အမျိုးသားတစ်ဦးနှင့် ထိခိုက်မှုစိုးရိမ်ရသူမှာ အသက် (၅၀)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ထိုအမျိုးသမီးကိုလည်း ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံသို့ လွှဲပြောင်းထားသည်ဟု တာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲများ မရှိတော့သဖြင့် သောင်ရင်းမြစ်ကမ်းနံဘေးများတွင် စစ်ဘေးရှောင်နေကြရသူများအနေဖြင့် လေးကေ့ကော်မြို့သစ်သို့ ပြန်လာနေထိုင်ရန် စစ်ကောင်စီမှ ပြီးခဲ့သည့်နှစ်က ပြန်လည်ခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံစစ်ဘေးရှောင်တချို့ ပြန်လည်ဝင်ရောက် နေထိုင်မှုများရှိသော်လည်း လက်ရှိတွင် လေးကေ့ကော်၊ ထီးမယ်ဝါးခီးနှင့် ရသေ့ဂူစသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်များက  မိုင်းထောင် ထားမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ၎င်းဒေသဝန်းကျင်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသေးသောကြောင့် လေးကေ့ ကော်မြို့သစ်နှင့် ထီးမယ်ဝါးခီးရှိ ဒေသခံပြည်သူအများစုအနေဖြင့် နေရပ်ပြန်နေထိုင်ရန်အတွက် လုံခြုံရေး စိုးရိမ်ချက်များရှိနေသေးကြောင်း စစ်ဘေးရှောင်နေရဆဲ ဒေသခံများက ပြောသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...