ရေဖြူ ရာဖူးရွာသစ်ကျောင်းကား ပစ်ခတ်ခံရ ဆရာတော်ပျံလွန်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရေဖြူ ရာဖူးရွာသစ်ကျောင်းကား ပစ်ခတ်ခံရ ဆရာတော်ပျံလွန်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ
ပစ်ခတ်ခံခဲ့ရသည့် ရာဖူးရွာသစ်ကျောင်းကားအား တွေ့ရစဥ် (CJ)
ပစ်ခတ်ခံခဲ့ရသည့် ရာဖူးရွာသစ်ကျောင်းကားအား တွေ့ရစဥ် (CJ)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြားတွင် ရာဖူးရွာသစ်ကျောင်း ဆရာတော်၏ကား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်တော်မူပြီး၊ အမျိုးသမီးတစ်ဦးသေဆုံးကာ ယာဥ်မောင်းအပါအဝင် ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ရာဖူးရွာသစ်ကျောင်းဆရာတော်နှင့် ယာဉ်မောင်းအပါဝင် ခရီးသည် ရှစ်ဦးလိုက်ပါလာသည့် ကားသည် ထားဝယ်မြို့တွင် ဆေးခန်းပြပြီး ရေဖြူမြို့နယ် ရာဖူးရွာသစ်သို့ အပြန် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သက်တော် ၆၀ နှစ်အရွယ်ရှိ ရာဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး၊ အသက် ၆၅ နှစ်အရွယ် ရာဖူးကျေးရွာအုပ်စု သာယာမွန်ကျေးရွာနေ ဒေါ်အုန်းမြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

“ဆရာတော် ထိတာများတယ် အချက် ၂၀ လောက်ရှိတယ်။ ဘေးက ယာဥ်မောင်းသမားကိုတော့ ရှပ်ထိတာဖြစ်မယ်။ ဒဏ်ရာပြင်းထန်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ရှေ့ခန်းမှာ‌ပဲ ပျံလွန်တော်မူနေတယ်။ အမျိုးသမီးကတော့ ကားနောက်ခန်းမှာ သေနေတယ်” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် အသက် ၆ဝ နှစ်အရွယ် ယာဉ်မောင်း ဦးသန်းထွေး၊ အသက် ၁၈ နှစ်အရွယ် မောင်မိုးသူရအောင်၊ အသက် ၁၂ နှစ်အရွယ် မသင်းရနံ့လှိုင်၊ အသက် ၂၃ နှစ်အရွယ် မနန်းမိုးနှင့် အမည်မသိရသေးသည့် ကလေးနှစ်ဦးတို့ သေနတ်ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟုလည်း သိရသည်။

ဒဏ်ရာရရှိသူများအနက် ဒဏ်ရာမပြင်းထန်သည့် ကလေး ၂ ဦးကို ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သည့် ယာဥ်မောင်းအပါအဝင် ၄ ဦးကိုတော့ လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်သည် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာဇာတိဖြစ်ပြီး ရာဖူးရာသစ်ကျောင်းတွင် ကျောင်းထိုင်နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

“ညကတော့ ရာဖူးရွာသစ်မှာ လူအုံနေတာတော့တွေ့တယ် ဆရာတော်ရဲ့ရုပ်ကလပ်ကိုတော့ ဒီနေ့ သယ်လာမယ်ထင်တယ်။ ဆရာတော်က တခြားရွာဇာတိဆိုတော့ ဘယ်မှာသဂြိုလ်ကြမလဲ တိုင်ပင်နေကြတုန်းဘဲ” ဟု အခြားဒေသခံတစ်ဦက ပြောသည်။

ရာဖူးရွာသစ်ကျောင်းဆရာတော်၏ကားကို မည်သူတို့က မည်သည့် အကြောင်းအရင်းကြောင့် ပစ်ခတ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းတွင် ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ သဘာဝတရားရိပ်သာမှ သံဃာတော်နှစ်ပါး၊ သာသနာ့နွယ်ဝင်

သီလရှင် သုံးပါး ဒါယိကာ/ဒါယိကာမ ၁၁ ဦး စုစုပေါင်း ၁၆ ဦး စီးနင်းလိုက်ပါလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ လူ ၃ ဦး သေနတ်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...