ရေးမြို့နယ်က ချောင်းတောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရေးမြို့နယ်က ချောင်းတောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ရာမညပြောက်ကျားတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အချိန် ၄၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

ရာမညပြောက်ကျားတပ်ဖွဲ့ကတော့ အဲဒီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တံတားဖြတ်သန်းသွားလာတဲ့ အပြစ်မဲ့ပြည်သူတွေကို နိုင်ထက်စီးနင်းပြုတာ၊ ငွေပေးထားတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကို လွှတ်ပေးနေကြောင်း ပြည်သူတွေက တိုင်ကြားလာတာကြောင့် သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုပြီးနောက် ရာမညပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အခြေအနေနဲ့ပတ်သက်ပြီး ရာမညပြောက်ကျားတပ်ဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူတွေမရှိသေးတာကြောင့် ဖြေဆိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချောင်းတောင်တိုက်ပွဲမှာ လာတိုက်တဲ့အဖွဲ့ထံကနေ အလောင်း ၁ လောင်း၊ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး ရရှိထားတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်း နှင်လာတဲ့ ဒေသခံအမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရ ရှိထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...