ပါတီ မှတ်ပုံတင် ဥပဒေသစ်ကြောင့် ရခိုင်က တိုင်းရင်းသားပါတီငယ်များ ဆက်လက်ရပ်တည်ရန် မသေချာ

ပါတီ မှတ်ပုံတင် ဥပဒေသစ်ကြောင့် ရခိုင်က တိုင်းရင်းသားပါတီငယ်များ ဆက်လက်ရပ်တည်ရန် မသေချာ
၂၀၂၀ ခုနှစ်က ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ မဲဆွယ်စည်းရုံးရေးမ
၂၀၂၀ ခုနှစ်က ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ မဲဆွယ်စည်းရုံးရေးမ

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြဌာန်းလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် ရခိုင်က တိုင်းရင်းသားမျိုးနွယ်စု ပါတီငယ်များမှာ  ဆက်လက်ရပ်တည်ရေး မသေချာ ဖြစ်နေကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဇန်နဝါရီ ၃၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက အတည်ပြုလက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေသစ်တွင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား (၁) သိန်းနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများမှာ ပါတီဝင်အင်အား (၁,၀၀၀)ရှိရမည်။ ယင်းအပြင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် သိန်း(၁,၀၀၀) ရန်ပုံငွေနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ သိန်း(၁၀၀) ရှိရမည်ဟု ပါရှိသည်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး-၂ ဦးသန်းဌေးက “အဓိက အခက်အခဲကတော့ ပထမတစ်ချက်က သိန်း ၁၀၀ ဆိုတဲ့ ကိစ္စ။ ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေအတွက် သိပ်ပြီးတော့ အခက်အခဲရှိတယ်။ ဒါပေမဲ့ အဲ့ဒါကိုတော့ ကျနော်တို့က နိုင်ငံရေးပါတီမှတ်ပုံတင်လို့ရှိရင် ကျော်သွားနိုင်ရမယ်။ နောက်ဆုံးတစ်ချက်ကတော့ ကျနော်တို့ ကိုယ်ရဲ့ပြည်တွင်းမှာ နိုင်ငံရေးပါတီရုံးခွဲ ဖွင့်ရမယ့်ကိစ္စတွေမှာ အခက်အခဲရှိပါတယ်”ဟု DMG ကိုပြောသည်။

ထိုဥပဒေတွင် ပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း ဆိုသည်။

“အဓိကတော့ ကျနော်တို့မှာ ငွေကြေးက မတတ်နိုင်ဘူး။  သိန်း ၁၀၀ ဆိုတဲ့ကိစ္စက ကျနော်တို့ပါတီအတွက် သိပ်ပြီးတော့ အခက်အခဲတွေရှိတယ်။ သူတို့(စစ်ကောင်စီ)က ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ဆီးသွားမယ်ဆိုပြီးတော့ ပြဌာန်းထားတယ်။ အဲဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် မှတ်ပုံတင်သွားမှာ မဟုတ်ပါဘူး”ဟု ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးအောင်ကျော်ဇောက ပြောသည်။

အလားတူ ပြည်နယ်အဆင့် ပါတီများအနေဖြင့် မြို့နယ် ၅ ခုမှာ ပါတီရုံးဖွင့်ရမည့် အရေးမှာလည်း ကမန်လူမျိုးများမှာ စစ်တွေမြို့နယ်နှင့် သံတွဲမြို့နယ် နှစ်ခုတွင်သာရှိသည့်အတွက် မြို့နယ် ၅ ခုတွင် ရုံးခန်းဖွင့်ရန် အခက်အခဲများရှိကြောင်း သိရသည်။

“ကျနော်တို့ မျိုးနွယ်စုပါတီတွေက လူဦးရေလည်း နည်းတယ်။ တိုင်းနဲ့ပြည်နယ် အနေအထားကို ဝင်ပြိုင်မယ်ဆိုရင်တောင် ကျနော်တို့မှာ မြို့နယ် ၅ ခုမှာ ရုံးခန်းရှိဖို့ ဆိုတာက အခက်အခဲရှိတယ်။ အထူးသဖြင့် ကျနော်တို့ အခက်အခဲတွေ အများကြီးကြုံရမှာပါ”ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ဦးတင်ငွေက ပြောသည်။

ရခိုင်တွင် တိုင်းရင်းသားမျိုးနွယ်စု ၇ စုရှိပြီး၊ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ ကမန်တို့တွင် မျိုးနွယ်စုအလိုက် နိုင်ငံရေးပါတီများ ထူထောင်ထားကြသော်လည်း သက်နှင့် မရမာကြီးတို့တွင် နိုင်ငံရေးပါတီ ထူထောင်ထားခြင်း မရှိသေးပေ။

လာမည့် ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post–FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR) ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

ထို့အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို င်က လာမည့် ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု မရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ပြောဆိုထားသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...